(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်း(ပြည်နယ်အဆင့်)ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

မော်လမြိုင် ဒီဇင်ဘာ ၃၀

၂၀၂၄ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်ပညာရေးမှူးရုံးမှကြီးမှူးပြီး ကျောင်းသား/ကျောင်းသူများ လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာရသည့် ဗဟုသုတများကိုသိရှိနားလည်စေရန်နှင့် ဉာဏ်ပညာစွမ်းရည်၊ နှုတ်မှုစွမ်းရည်၊ သရုပ်ဖော်စွမ်းရည်များ ရရှိစေရန်ရည်ရွယ်၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်း(ပြည်နယ်အဆင့်) ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း ရတနာမွန်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်နယ်ပညာရေးမှူးဒေါ်နန့်စယ်လီလှိုင်က ကျပန်းစကားပြောပြိုင်ပွဲ အကဲဖြတ်အမှတ်ပေးမှုပုံစံများကို ရှင်းလင်းပြောကြားပြီး အကဲဖြတ်ဒိုင်များနှင့် တစ်ဦးချင်းမိတ်ဆက်ခဲ့ကြသည်။

ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲကိုကျင်းပပြုလုပ်ရာ အဆိုပါပြိုင်ပွဲတွင် မွန်ပြည်နယ်အတွင်းရှိ မြို့နယ်ရှစ်မြို့နယ်မှ အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၈)ဦးတို့က  ပြိုင်ပွဲ၀င်မည့် ခေါင်းစဉ်များဖြစ်သော လွတ်လပ်ရေးကိုထိန်းသိမ်းရန် အမျိုးသားတို့အားမာန်၊ လွတ်လပ်ရေးအရှည်တည်တံ့ဖို့ တိုင်းရင်းသားတို့စည်းလုံးစို့၊ ထိန်းသိမ်းစို့လေ လွတ်လပ်ရေးအမွေ စသည့်ခေါင်းစဉ်များအား မဲနှိုက်၍ ကျရာခေါင်းစဉ်များဖြင့်  အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)