မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဒီဇင်ဘာလူထုအားကစားလ နောက်ဆုံးပတ် စုပေါင်းလမ်းလျှောက်ပွဲနှင့် ၂၀၂၄ ခုနှစ် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲယှဉ်ပြိုင်နေမှု ကြည့်ရှုအားပေး

မော်လမြိုင် ဒီဇင်ဘာ ၃၀

လူထုအားကစားလှုပ်ရှား ဆောင်ရွက်မှုတွင် ငွေကုန်ကျမှု အနည်းဆုံးဖြစ်ပြီး အသက်အရွယ်မရွေး စုပေါင်းလေ့ကျင့်နိုင်သည့် ကိုယ်လက်လှုပ်ရှား အားကစားဖြစ်သည့်စုပေါင်း လမ်းလျှောက်ခြင်းသည် အ‌ထောက်အကူပြုပစ္စည်းများ မပါဝင်သော အားကစားလှုပ်ရှားမှုတစ်ရပ်ဖြစ်သည်နှင့် အညီ ဒီဇင်ဘာ ၃၀ ရက်နေ့၊ နံနက်ပိုင်းက ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဒီဂရီကောလိပ်၊ သူနာပြုသားဖွားသင်တန်းကျောင်း၊ အားကစားနှင့်ကာယသိပ္ပံလေ့ကျင့်ရေးကျောင်း (မော်လမြိုင်)၊ အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများ၊ အားကစားလိုက်စားသူ အများပြည်သူများ အင်အား (၁၃၀၀)ကျော်သည် မော်လမြိုင်မြို့ ရာမညအားကစားကွင်းအတွင်း တပျော်တပါး စုပေါင်းလမ်းလျှောက်ပွဲကို ပါဝင်ဆင်နွှဲခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ဌာနဆိုင်ရာများ၊ ကျောင်းသားကျောင်းသူများနှင့် ကျန်းမာရေးကိုလိုက်စားသည့် အများပြည်သူများသည် ရာအညအားကစားကွင်းတွင် သွေးပူလေ့ကျင့်ခန်း အတွဲအမှတ်(၁)နှင့် အတွဲအမှတ်(၂)၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ၊ Fitness Dance အကတို့ဖြင့် အတူတကွ  စုပေါင်းပါဝင်ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ ၂၀၂၄ ခုနှစ် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၏ အမျိုးသား၊ အမျိုးသမီးလွန်ဆွဲပြိုင်ပွဲ၊ အမျိုးသားအမျိုးသမီး မီတာ(၁၀၀)၊ မီတာ(၂၀၀)၊ မီတာ(၄၀၀)အပြေးပြိုင်ပွဲများကို ကျင်းပပြုလုပ်ရာ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး ပျော်ပွဲရွှင်ပွဲ အစီအစဉ်အနေဖြင့် အမှတ်တရဆုမဲများ ဖောက်ပေးခဲ့ကြကာ ဆုရရှိသူများကို တာဝန်ရှိသူများက ဂုဏ်ပြုဆုလက်ဆောင်များ အသီးသီးပေးအပ်ခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)