တာချီလိတ် ဒီဇင်ဘာ ၃၀
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မြို့တွင်းလမ်း(၇)လမ်း၊ တံတား(၁)စင်းနှင့် လွယ်စီတုံလမ်းတို့အား ပြည်သူများလှူဒါန်းမှုဖြင့် ကိုယ့်အားကိုယ်ကိုးဆောင်ရွက်ခဲ့သော လမ်းသစ်များဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက် ဘိုးဘွားရိပ်သာလမ်းမုဒ်ဦး၌ ကျင်းပသည်။
ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေး၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၊ ညွှန်ကြားရေးမှူးဦးစိုင်းထွန်းထွန်းနှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လမ်းခင်းကျင်းထားမှု အခြေအနေများအား ကြည့်ရှုကြသည်။ ယင်းနောက်ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေးက အဖွင့်အမှာစကားပြောကြားပြီး လမ်းများခင်းကျင်း ဆောင်ရွက်နိုင်ခြင်းနှင့်ပတ်သက်၍ လမ်းဆိုင်ရာအချက်အလက်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်နိုင်က ရှင်းလင်းတင်ပြသည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့်အဖွဲ့ဝင်များက လမ်းအလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်းနှင့် လမ်းများအောင်မြင်စွာ ဖွင့်လှစ်နိုင်ခြင်းအတွက် လမ်းဖွင့်ပွဲအထိမ်းအမှတ်တံဆိပ်များအား တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်၍ ကိုယ့်အားကိုယ်ကိုးလမ်းများဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီပေးကြသည့် အလှူရှင်များကိုယ်စား မြို့မိမြို့ဖဦးထွန်းနေဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
တာချီလိတ်မြို့တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ မြို့နယ်စည်ပင်သာယာရေးဌာနနှင့် မြို့နေပြည်သူများပူးပေါင်း၍ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ အားကစားရုံလမ်းအား ခန့်မှန်းကုန်ကျငွေကျပ် ၃၃၉ ဒဿမ ၅ သန်း တန်ဖိုးရှိ သံကူကွန်ကရစ်လမ်းခင်းခြင်းနှင့် ဝမ်ကောင်းရပ်ကွက်ရှိ ဂေါက်ကွင်း လမ်းအား ခန့်မှန်းကုန်ကျ ငွေကျပ် ၃၃၉ ဒဿမ ၆၅ သန်း တန်ဖိုးရှိ ကတ္တရာထပ်ပိုးလွှာခင်းခြင်း၊ မြို့နေပြည်သူများလှူဒါန်းငွေဖြင့် ဝမ်ကောင်းရပ်ကွက်ရှိ ဘိုးဘွားရိပ်သာလမ်းအား ခန့်မှန်းကုန်ကျ ငွေကျပ် ၂၆၉ သန်း တန်ဖိုးရှိ သံကူကွန်ကရစ်လမ်းခင်းခြင်း၊ ဆန်ဆိုင်း(က)ရပ်ကွက်နှင့် မယ်ခေါင် ရပ်ကွက်ရှိ ပုံလို့လမ်းအား ခန့်မှန်းကုန်ကျ ငွေကျပ် ၈၅၆ သန်း တန်ဖိုးရှိ သံကူကွန်ကရစ် လမ်းခင်းခြင်း၊ မယ်ခေါင်ရပ်ကွက်ရှိ ရွှေမြေသာယာလမ်းအား ခန့်မှန်းကုန်ကျ ငွေကျပ် ၁၂၇ သန်း တန်ဖိုးရှိ သံကူကွန်ကရစ်လမ်းခင်းခြင်း၊ ဆန်ဆိုင်း (ခ) ရပ်ကွက်ရှိ ကံ့ကော်လမ်းအား ခန့်မှန်း ကုန်ကျ ငွေကျပ် ၁၃၁ သန်းတန်ဖိုးရှိ သံကူကွန်ကရစ်လမ်းခင်းခြင်း၊ ဝိန်းကျောက်ရပ်ကွက်ရှိ မြို့ပတ်လမ်းအား ခန့်မှန်းကုန်ကျ ငွေကျပ် ၁၀၉၆ သန်းတန်ဖိုးရှိ သံကူကွန်ကရစ်လမ်းခင်းခြင်း၊ လွယ်စီတုံကျေးရွာရှိ လွယ်စတုံလမ်းအား ခန့်မှန်းကုန်ကျ ငွေကျပ် ၈၉၇ သန်းတန်ဖိုးရှိ သံကူကွန်ကရစ်လမ်းခင်းခြင်းနှင့် မယ်ခေါင်ရပ်ကွက်ရှိ လူမှုဝန်ထမ်းရုံးအဝင် မယ်ခေါင်ချောင်းကူး တံတားအား ခန့်မှန်းကုန်ကျ ငွေကျပ် ၄၀ ဒဿမ ၁၃ သန်းတန်ဖိုးဖြင့် တည်ဆောက်ခဲ့ကြကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)