ကာလိမြို့၌ ယာယီနေရပ်စွန့်ခွာသူပြည်သူများအား စားသောက်ကုန်များထောက်ပံ့ပေးအပ်

ကာလိ ဒီဇင်ဘာ ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌ ယာယီနေရပ်စွန့်ခွာသူ ပြည်သူများအား စာသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီက ကာလိမြို့ တင်းလီစျေးဆိုင်ခန်းများတွင် ပြုလုပ်ခဲ့သိရသည်။

အဆိုပါ ထောက်ပံ့ပေးအပ်ရာတွင် ကာလိမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးစန်းမြင့်သန်း ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ စုပေါင်း၍ ယာယီနေရပ် စွန့်ခွာသူ ပြည်သူများ အိမ်ထောင်စု(၃၃)စု၊ လူဦးရေ(၁၀၅)ဦးရှိပြီး ဆန်၊ ဆီ၊ ကြက်ဥများ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ယာယီနေရပ်စွန့်ခွာသူ ပြည်သူများ အဆင်ပြေစွာနေထိုင်စေရေးအတွက် ကာလိမြို့ တင်းလီစျေးအတွင်း လစ်လပ်နေသော ဆိုင်ခန်းများတွင် နေရာချထားပေးပြီး ကျန်းမာရေး ဝန်ထမ်း များကလည်း လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ အခမဲ့ကုသပေးလျက် ရှိကြောင်းသိရသည်။

ထင်ထင်(ကာလိပြန်/ဆက်)