ကွန်ဟိန်းမြို့၌ မဲရုံအလိုက် မဲရုံသုံးပစ္စည်းများထုတ်ပေး

ကွန်ဟိန်း အောက်တိုဘာ ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲရုံများတွင် အသုံးပြုမည့် မဲရုံသုံးပစ္စည်းများကို ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မဲရုံသုံးပစ္စည်းများ ထုတ်ပေးရာတွင် မဲပုံး၊ ဆာလာအိတ်၊ ခြင်းတောင်း ၊ ဆန္ဒပြုခန်း၊ အမှိုက်တောင်း၊ ချိတ်တောင့်၊ မီးခြစ်၊ ဖယောင်းတိုင်၊ လက်သုတ်ပဝါနှင့် အခြားမဲရုံသုံးပစ္စည်း စုစုပေါင်း (၃၀)မျိုးကို ရပ်ကွက်နှင့်ကျေးရွာ အုပ်စုကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များထံသို့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ့ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်တို့မှ စနစ်တကျ ထုတ်ပေးခဲ့သည်။

ကွန်ဟိန်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် (၁၁)ခုနှင့် ကျေးရွာအုပ်စု(၁၄)အုပ်စုတွင် မဲရုံပေါင်း (၄၄)ရုံ ဆောင်ရွက်ထားရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရှိရသည်။

ပြည့်စန္ဒီမြင့်(ပြန်/ဆက်)