နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ (၄/၂၀၂၃)အစည်းအဝေး တက်ရောက်

နေပြည်တော် ဒီဇင်ဘာ ၃၀

နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ(၄/၂၀၂၃) အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူးနှင့် ကော်မတီဝင်များတက်ရောက်ကြသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေး ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများဖိတ်ခေါ်ပြီး  ဒေသအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်များ ပိုမိုခွင့်ပြုနိုင်ခြင်းနှင့် လက်ရှိရင်းနှီးမြှုပ်နှံမှုများတိုးချဲ့ဆောင်ရွက်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ခြင်း၊ ဝင်ငွေတိုးတက်ရရှိခြင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပိုမိုအားကောင်းလာစေခြင်းစသည့် အကျိုးကျေးဇူးများ ရရှိစေနိုင်မှာဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများစီးဝင်လာစေရေး၊ ထုတ်လုပ်မှုများမြှင့်တင်ရေး ကြိုးပမ်းဆောင်ရွက်ကြဖို့လိုကြောင်း၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် ကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများနှင့် တာဝန်ရှိသူများက အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်ပေးကြရမှာဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ၊ အတွင်းရေးမှူးဒေါ်ယဉ်ယဉ်နွယ်က သက်ဆိုင်ရာကုမ္ပဏီ၏ အတည်ပြုလျှောက်ထားလွှာတွင် တင်ပြခဲ့သော ပြည်ပမှ ဝယ်ယူမည့် စက်ပစ္စည်းများအနက် စက်ပစ္စည်းအချို့ကို ပြည်တွင်းမှသာ ဝယ်ယူအသုံးပြုခဲ့သည့်အတွက် ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်မှု ပြောင်းလဲပြင်ဆင်၍ အတည်ပြုမိန့်တွင် မတည်ငွေရင်းပမာဏအား ပြင်ဆင်ခွင့်ပြုပါရန် တင်ပြလာခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် လုပ်ငန်းများအဆင်ပြေ ချောမွေ့စေရေးဆိုင်ရာများကိုလည်းကောင်းဆွေးနွေးပြီး ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြသည်။

ထို့နောက် နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ  ဦးသန်းထွန်းဦးက ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ဖြည့်စွက်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)