နေပြည်တော် ဒီဇင်ဘာ ၃၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း MSME ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် အခွန်ဘဏ္ဍာငွေပြည့်ဝစွာရရှိရေးအတွက် အခွန်စည်းကြပ်မှုလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ကောင်စီရုံးအစည်းအဝေးခန်းမ(၁)၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများတက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ပြည်တွင်းထုတ်ကုန်များကို ပြည်ပဈေးကွက်အထိ ထိုးဖောက်နိုင်ရေးအတက် ကုန်ပစ္စည်းများ၏ အရည်အသွေးပိုင်းနှင့် ထုပ်ပိုးနည်းပညာအပိုင်း တိုးတက်ရေးအတွက်ကိုလည်း အလေးထား ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ပြည်ပမှတင်သွင်းသည့် ကုန်ပစ္စည်းများအနက် ပြည်တွင်းမှာ ထုတ်လုပ်နိုင်သည့် အခြေအနေရှိပါက ပညာပေးစည်းရုံးခြင်းများ၊ နည်းပညာဖြန့်ဝေမှုများ ဆောင်ရွက်ဖို့လိုအပ်ကြောင်း၊ နည်းပညာပိုင်းများဖွံ့ဖြိုးတိုးတက်စေဖို့ နည်းပညာဆိုင်ရာ စွန့်ဦးတီထွင်သူများ ဖိတ်ခေါ်ပြီး အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံအတွက် လိုအပ်သော နည်းပညာဖွံ့ဖြိုးတိုးတက်လာမှာဖြစ်သည့်အတွက် ပြည်ပသွင်းကုန်လျော့ချနိုင်မှာဖြစ်ကြောင်း၊ အလားတူပို့ကုန်အသစ်ရှာဖွေခြင်းဖြင့် Macro Economic စနစ်ဖြစ်ထွန်းရန် ဦးတည်ပြီး ကျွမ်းကျင်သူများဖိတ်ခေါ်ခြင်းနှင့် သင်တန်းပေး၍ သရုပ်ပြပညာပေးဟောပြောပွဲများကျင်းပခြင်းဖြင့် ပို့ကုန်အတွက် အသစ်ထုတ်ကုန်များရရှိပြီး ပြည်ပဈေးကွက်ထိုးဖောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ အခွန်ကောက်ခံမှုလုပ်ငန်းစဉ်များ ထိရောက်အောင်မြင်စေရေးအတွက် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုသည် အရေးကြီးသဖြင့် သက်ဆိုင်ရာဌာနများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ရသင့်ရထိုက်သည့် အခွန်ရငွေများ ပြည့်ပြည့်ဝဝကောက်ခံရရှိမှသာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ အခွန်ကောက်ခံနေသည့် ဝန်ထမ်းများအနေဖြင့် ပြဌာန်းထားသော အခွန်ဥပဒေများနှင့်အညီ ရသင့်ရထိုက်သော အခွန်ငွေများပြည့်ပြည့်ဝဝ ကောက်ခံရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း MSME ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် အခွန်ဘဏ္ဍာငွေ ပြည့်ဝစွာရရှိရေးအတွက် အခွန်စည်းကြပ်မှုလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ လက်ရှိဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးပြီး လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)