ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး နောင်တရားဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုအား လာရောက်ကြည့်ရှု

နောင်တရား ဒီဇင်ဘာ ၃၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားဒေသ၊ ပေါ့အင်ကျေးရွာအုပ်စု၊ ဆောင်ပေါင်ကျေးရွာ၌ မယ်ဖားလုံဖောင်‌ဒေးရှင်းနှင့် စီပီကုမ္ပဏီတို့ ဘိန်းစားထိုးဖွံ့ဖြိုးရေးအတွက် ဆောင်လုပ်ထားသည့် ပြောင်းအခြောက်ခံစက်ရုံ လည်ပတ်မှုအခြေအနေနှင့် နောင်တရားဒေသ အာလူးစိုက်ပျိုးရေးနှင့် သမဝါယမအသင်းမှ ဆောင်ရွက်နေသည့် နောင်တရားသဘာဝမြေဩဇာစက်ရုံ လည်ပတ်နေမှုအခြေအနေကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးခွန်ရဲထွေးနှင့်အဖွဲ့ဝင်များက ယမန်နေ့နံနက်ပိုင်းတွင် လက်ရောက်ကြည့်ရူခဲ့သည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်အဖွဲ့ဝင်များသည် ပင်လောင်းမြို့နယ်အတွင်း ဘိန်းစိုက်ပျိုးမှုပပျောက်ရေး အစားထိန်းဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေသည့် ကျေးရွာများမှ ပြောင်းစိုက်တောင်သူများအတွက် မယ်ဖားလုံဖောင်ဒေးရှင်းနှင့် စီပီကုမ္ပဏီမှ မတည်ရင်းနှီးငွေကျပ်(၅၀၅)သိန်းဖြင့် ဆောင်လုပ်ထားသည့် ပြောင်းအခြောက်ခံစက်လုပ်ငန်းလည်ပတ်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။ အဆိုပါ ပြောင်းအခြောက်ခံစက်သည် တစ်ရက်လျှင် ပြောင်းတန်ချိန် ၈ တန်မှ ၁၀ တန်အထိ အခြောက်ခံလျက်ရှိပြီး ဘိန်းအစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေသည့် ကျေးရွာအုပ်စုအတွင်းမှ ပြောင်းစိုက်တောင်သူများက အလှည့်ကျစနစ်ဖြင့် လာရောက်အခြောက်ခံလျက်ရှိသည်။ ပြောင်းအခြောက်ခံစက်တွင် လာရောက်အခြောက်ခံသည့် တောင်သူများက ပြောင်းတစ်ပိဿာလျှင် ငွေကျပ်(၄၂)ကျပ်ကို ဝန်ဆောင်ခအဖြစ် ကောက်ခံလျက်ရှိပြီး အဆိုပါဝန်ဆောင်ခများမှ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ကျေးရွာလမ်းများ၊ ကုန်ထုတ်လမ်းများ၊ သောက်သုံးရေရရှိရေးနှင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပြန်လည်အသုံးပြုမည်ဟုသိရသည်။ ပြောင်းအခြောက်ခံစက် တည်ရှိခြင်းကြောင့် ပြောင်းစိုက်တောင်သူများ ပိုမိုဝင်ငွေတိုးစေမည်ဖြစ်သည်။ ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်အဖွဲ့ဝင်များသည် နောင်တရားဒေသအာလူးစိုက်ပျိုးရေးနှင့်သမဝါယမအသင်းမှ ဆောင်ရွက်နေသည့် နောင်တရားသဘာဝမြေဩဇာစက်ရုံသို့ရောက်ရှိကာ စက်ရုံလည်ပတ်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။ အဆိုပါစက်ရုံတည်ရှိခြင်းကြောင့် နောင်တရားဒေသအတွင်းရှိ စိုက်ပျိုးရေးတောင်သူများအတွက် စိုက်ပျိုးရေးအသုံးစရိတ်ကို လျော့ချနိုင်မည်ဖြစ်သည်။

ဘိန်းအစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေသည့် ကျေးရွာအုပ်စု(၄)အုပ်စုရှိပြီး  ပြောင်းအခြောက်ခံစက်ပတ်ဝန်းကျင် ကျေးရွာ(၁၆)ရွာ၌ ပြောင်းစိုက်ပျိုးဧက (၃၅၈၄)ဧက ရှိကြောင်းသိရသည်။

ခွန်အောင်(နောင်တရား)