မော်လမြိုင် ဒီဇင်ဘာ ၃၀
ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး တည်တံ့ခိုင်မြဲရေး၊ သာသနာတော်၏ အခြေခံအုတ်မြစ် ဖြစ်တော်မူသည့် ပရိယတ္တိသာသနာတော်တည်တံ့အောင် ရွက်ဆောင်တော်မူကြသည့် ပရိယတ္တိဝန်ဆောင် သာသနာ့အာဇာနည်အရှင်သူမြတ်များ အစဉ်ပေါ်ထွန်းစေရန် ရည်ရွယ်၍ မွန်ပြည်နယ် အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၄၁)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင် အခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ မွန်းလွဲပိုင်းတွင် မော်လမြိုင်မြို့၊ ပရိယတ္တိ ဓမ္မဗိမာန်တော်ကြီး၌ကျင်းပရာ အခမ်းအနားသို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ပရိယတ္တိဓမ္မဗိမာန်တော်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကို ဖူးမြော်ကြည်ညို၍ ပန်း၊ ဆီမီးနှင့် ရေချမ်းတို့အား ကပ်လှူပူဇော်ခဲ့သည်။ ထို့နောက် အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မော်လမြိုင်မြို့၊ အောက်ကျင်းရပ်ကွက်၊ သာသနာ့မာန်အောင် ဝဲပျံစာသင်တိုက်၏ ဦးစီးပဓာန နာယကဆရာတော် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် (မဟာဂန္ထဝါစကပဏ္ဍိတ) ဘဒ္ဒန္တနန္ဒဝံသ အရှင်သူမြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်အပေါင်းတို့က ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် ဆရာတော်၊ အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြင့်တော်မူသော အန္တရာယ်ကင်း ပရိတ်တရားတော်များကို နာယူကြည်ညိုပြီး ပြည်နယ်ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။ ယင်းနောက် ပင့်သံဃာဆရာတော်ကြီးများထံ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ၂ဝ၂၃-ခုနှစ်၊ မော်လမြိုင် စာဖြေဌာနမှ ဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲတွင် ဝင်ရောက်ဖြေဆို အောင်မြင်တော်မူခဲ့သော စာအောင် သံဃာတော်များနှင့် သီလရှင်များအား ပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက စာအောင်လက်မှတ်နှင့် ဝတ္ထုငွေများ အသီးသီး ဆက်ကပ်လှူဒါန်း၍ မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ အတုလရန်အောင် ကျောင်းတိုက်၏ ဦးစီးပဓာနနာယကဆရာတော် (အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တကောသလ္လ အရှင်သူမြတ်ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသော ပင့်သံဃာဆရာတော်ကြီးများနှင့် စာအောင် သံဃာတော်၊ သီလရှင် ဆရာလေးများအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖအလှူရှင်များက ဆွမ်းဆန်စိမ်းများ လောင်းလှူ လှူဒါန်းခဲ့ကြသည်။
၂၀၂၃-ခုနှစ်၊ မော်လမြိုင်စာဖြေဌာနမှ ဓမ္မာစရိယစာအောင် သံဃာတော်(၅၁)ပါး၊ သီလရှင်(၂)ပါး စုစုပေါင်း (၅၃)ပါးနှင့် ပထမပြန် စာအောင် သံဃာတော် (၈၁၁)ပါး၊ သီလရှင်(၇၁)ပါး၊ စုစုပေါင်း (၈၈၂)ပါး၊ စာအောင်သံဃာတော်နှင့် သီလရှင်စုစုပေါင်း (၉၃၅)ပါး အောင်မြင်တော်မူခဲ့ကြကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)