လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

လယ်ဝေး ဒီဇင်ဘာ ၃၀

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်ဆောင်က မြို့နယ်အတွင်းဆီကုန်သည်ကြီးများအသင်းမှ စျေးနှုန်းသက်သာစွာဖြင့် စားအုန်းဆီများရောင်းချနေသည့် အခြေအနေနှင့်လိုအပ်ချက်များအား ဆွေးနွေးညှိနှိုင်းဆောင်ရွက်ပေးသည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစောဝင်းက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးထုတ်လုပ်မှု၊ သွင်းအားစုများဆောင်ရွက်မှု၊ စွမ်းအားမြှင့်မီးဖိုသုံးစွဲမှုနှင့် ဆီထွက်သီးနှံများစစ်တမ်းကောက်ယူမည့် အခြေအနေများကိုလည်းကောင်း၊ လယ်ဝေးမြို့နယ်ယာဥ်ထိန်းတပ်ဖွဲ့စုမှ ဒုရဲမှူးအောင်ဝင်းစိုးက ယာဥ်စည်းကမ်းလမ်းစည်းကမ်း လိုက်နာဆောင်ရွက်နိုင်ရေး Quick Win စီမံချက်များနှင့်ပတ်သက်၍လည်းကောင်း၊ မြို့နယ်ပညာရေးမှူးဦးအောင်လွင်က စာတတ်မြောက်ရေးစာသင်ဝိုင်းများ ဖွင့်လှစ်နေသည့်အခြေအနေနှင့်စုံညီပွဲတော်များကျင်းပမည့် အခြေအနေ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ လယ်ဝေးခရိုင်ဘဏ်ခွဲမန်နေဂျာဒေါ် ခိုင်ကြည်သာက ချေးငွေများပေးဆပ်ရန်ကျန်ရှိမှုအခြေအနေများနှင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ခံများက နွေစပါးရေပေးဝေနိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ရပ်ကျေးအုပ်ချုပ်ရေးမှူးများက ပြန်လည်ဆွေးနွေးမေးမြန်းရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)