ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

စစ်တွေ ဒီဇင်ဘာ ၃၀

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများလုပ်ငန်း ညှိနှိုင်း အစည်းအဝေး (၆/၂၀၂၃) ကို ယမန်နေ့နေ့လယ်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

ရှေးဦးစွာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းက ပြည်နယ်အတွင်းရှိ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဉပဒေ စိုးမိုးရေး အပြည့်အဝရှိစေရန် တာဝန်ရှိသူများအနေဖြင့် အလေးထားဆောင်ရွက် သွားကြရန်လိုအပ်ကြောင်း ဝန်ထမ်းများအားလုံး စည်းလုံးညီညွတ်ဖြင့် ပေးအပ်သည့် တာဝန်များကို ကျေပွန်အောင် ဆောင်ရွက်ကြစေလိုပါကြောင်း၊ နိုင်ငံစီးပွားမြှင့်တင်ငွေဖြင့် ဆောင်ရွက်နေသည့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တာဝန်ရှိသူများမှ ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်အခများကို ပြည့်မီစွာကောက်ခံရရှိရေး အလေးထား ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်ပြီးနောက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် မိမိတို့ ပြည်နယ်အစိုးရအဖွဲ့နှင့်အတူ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက လက်တွဲညီညီ ဆောင်ရွက်ခဲ့ကြပါကြောင်း၊ ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် ဆောင်ရွက်ရန် လမ်းညွှန်မှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နေမှုများ၊ ဆက်သွယ်ရေးကိစ္စရပ်များ၊ ခရီးသွားလာခွင့်ဆိုင်ရာ ကိစ္စရပ်များ၊ သတင်းအချက်အလက်များ၊ ပြည်ထောင်အစိုးရအဖွဲ့၏ ညွှန်ကြားချက်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးတင်ပြကြပြီး ပြည်နယ်အဆင့် ဌာနဆိုင်ရာများက မိမိတို့ ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တက်ရောက်လာကြသည့် (၇၆) နှစ်မြောက် လွတ်လပ်ရေနေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူးများက အလုပ်ငန်းအလိုက် အသီးသီး ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများအား စားသောက်ကုန်များ ထောက်ပံ့ပေးအပ်သည်။

တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားပေးကာ နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။

ဝင်းမင်းစိုး(ပြန်/ဆက်)