မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး မြို့ဝင်၊ မြို့ထွက်ဂိတ်တွင် အရှိန်အဟုန်မပြတ် စစ်ဆေးဆောင်ရွက်

မိုင်းဆတ် အောက်တိုဘာ ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့ဝင်၊ မြို့ထွက်ဂိတ်များတွင် နေ့စဉ်အရှိန်အဟုန်မပြတ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ဆောင်ရွက်ရေး ကော်မတီနှင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များက မြို့ဝင်၊ မြို့ထွက်ဂိတ်(၃)ဂိတ်မှ ယမန်နေ့က ဖြတ်သန်းသွားလာသောပြည်သူ (၂၁၁)ဦးတို့အား နှာခေါင်းစည်းများ တပ်ဆင်သွားလာရန် အသိပညာပေးခြင်း၊ ကိုယ်ပူချိန်တိုင်းတာစစ်ဆေးခြင်း၊ ခရီးသွားရာဇဝင်များ စစ်ဆေး၍ မှတ်တမ်းရယူခြင်း၊ သက်ဆိုင်ရာ ရပ်/ကျေးထောက်ခံချက်များပါ၊ မပါစစ်ဆေးခြင်း၊ ကျန်းမာရေးထောက်ခံချက် ပါ၊မပါစစ်ဆေးခြင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ခရီးသွားလာရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ခြင်းကို ကိုဗစ်-၁၉ ရောဂါ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်း၍  နေ့စဉ်နံနက်(၆)နာရီမှ ညနေ(၁၀)နာရီထိ အလှည့်ကျ တာဝန်ချစနစ်ဖြင့် စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)