မိုးကောင်း ဒီဇင်ဘာ ၂၉
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် မိုးကောင်းဒေသစိတ် အခြေခံပညာမူလတန်းအဆင့် အသက် (၁၃)နှစ်အောက် ကျောင်းသားဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာ(၂၇)ရက် နေ့လယ်(၂)နာရီတွင် ဖွင့်ပွဲ ကျင်းပခဲ့သည်။
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဟူသော အမျိုးသားရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အခြေခံပညာကျောင်းများ၏ လှုပ်ရှား ဆောင်ရွက်မှုသည်လည်း အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်နေသဖြင့် ဗလငါးတန်ကို အခြေခံသော အားကစားကို ချစ်မြတ်နိုးပြီး ဘဝရည်မှန်းချက်ထားကာ ကြိုးစားချင်စိတ်များ ဖြစ်ထွန်း လာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊ မြို့နယ်ပညာရေးမှူး ဒေါ်နွယ်နွယ်နှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ကြသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး ဘင်ခရာတပ်ဖွဲ့ စစ်ကြောင်းမှူးမှ ဦးဆောင်ကာ ဘောလုံးအားကစားအသင်းများက မြို့နယ်ပညာရေးမှူးအား ချီတက် အလေးပြု၍ ကွင်းမှ ထွက်ခွာကြသည်။
ထို့နောက် ဘင်ခရာတပ်ဖွဲ့ဝင်များ၊ ပန်းပွားအကအဖွဲ့များနှင့် အ.မ.က-အလယ်ရပ်ကျောင်းမှ ကျောင်းသူများက ထာဝရမြန်မာ တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
အခြေခံပညာမူလတန်းအဆင့် ဘောလုံးပြိုင်ပွဲကို အသင်း(၁၇)သင်းဖြင့် အုပ်စု(၄)စုခွဲကာ ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ပြီး ယနေ့ဖွင့်ပွဲ ပွဲစဉ်အဖြစ် အုပ်စု(ဂ)မှ မူလွန်-လေးမိုင်နှင့် အ.ထ.က(ခွဲ) ကျွန်းပင်သာတို့ ယှဉ်ပြိုင်ကစားခဲ့ရာ အ.ထ.က(ခွဲ)ကျွန်းပင်သာအသင်းမှ နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့ ကြောင်းသိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)