မိတ္ထီလာ ဒီဇင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောက်ပန်းတောင်းလမ်းမှ အိုင့်-သနပ်အိုင့်လမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါတံတားမုဒ်ဦးတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်စေဖို့ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီး အချိုးကျကျဖွံ့ဖြိုး တိုးတက်စေရေးဆောင်ရွက်ရာတွင် လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေးဟာ အဓိကကျလျက်ရှိပြီး လမ်းပန်းဆက်သွယ်မှုတွေ ကောင်းမွန်လာရေးအတွက် ဦးစားပေးဆောင်ရွက်ရာမှာ ပထဝီအနေအထားအရ အဓိကအတားအဆီးများဖြစ်တဲ့ မြစ်ချောင်းတွေမှာ တံတားများတည်ဆောက်ပေးခြင်း၊ မြို့ပြနှင့် ကျေးလက်လမ်းများကိုလည်း ရာသီမရွေးသွားလာနိုင်အောင် ဖောက်လုပ်ပေးခြင်း၊ အဆင့်မြှင့်တင်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ယနေ့ဖွင့်လှစ်လိုက်တဲ့ သံကူကွန်ကရစ်တံတားကြီးမှာ အိုင့်-သနပ်အိုင့်ကျေးရွာများမှ ဒေသခံပြည်သူများနှင့် အနီးနားကျေးရွာများမှ ပြည်သူများလမ်းပန်းဆက်သွယ်ရေး လွယ်ကူစွာသွားလာနိုင်ပြီး မိမိတို့ရဲ့ ဒေသထွက်ကုန်များကို အချိန်နဲ့တစ်ပြေးညီ တင်ပို့ရောင်းချနိုင်ပြီဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။၎င်းနောက် အိုင့်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဘိုလေးက သံကူကွန်ကရစ်တံတားအသစ် တည်ဆောက်မှုနှင့်ပတ်သက်၍ ကျေးဇူးတင်စကား ပြန်လည်ကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် တံတားဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းသိန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ တံတားတည်ဆောက်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်မိုးနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးနှင့် အိုင့်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဘိုလေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။ ၎င်းနောက် တာဝန်ရှိသူများက တံတားပေါ်သို့ လမ်းလျောက်ကြည့်ရှု့ခဲ့ကြပြီး အမွှေးနံ့သာများဖြင့် ပက်ဖြန်းခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကျောက်ပန်းတောင်းလမ်းမှ အိုင့်-သနပ်အိုင့်လမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ် ပြည်ထောင်စု (ငွေလုံးငွေရင်) ရန်ပုံငွေ ကျပ်သန်း ၄၈၀ ဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ၍ ၂၀၂၃ခုနှစ် မေလ ၁၅ ရက်နေ့မှ စတင်၍ အရှည် ပေ ၁၅၀ ယာဉ်သွားလမ်းအကျယ် ပေ ၂၀ နှစ်လမ်းသွား သံကူကွန်ကရစ် တံတားအမျိုးအစားဖြစ်ပြီး ၎င်းတံတား Foundation အပိုင်းကို Bored Pile Foundation အမျိုးအစားဖြင့် တည်ဆောက်ထားပြီး ကိုယ်ထည်အပိုင်းမှာ သံကူကွန်ကရစ် ယက်မ (RCC Girder)နှင့် သံကူကွန်ကရစ်ကြမ်းခင်းဖြင့် တည်ဆောက်ခြင်းဖြစ်ပြီး တံတားခံနိုင်ဝန် ခွင့်ပြုတန်ချိန် (၃၆)တန်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)