နမ့်စန် (တ) ဒီဇင်ဘာ ၂၉
ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များအား ကျန်းမာသန်စွမ်းပြီး ဗလငါးတန်နှင့် ပြည့်စုံ၍ ပညာရေးတွင် ထူးချွန်သည့်လူငယ်လူရွယ်များ ဖြစ်လာစေရန်၊ နိုင်ငံတော်အတွက် အားကိုးအားထားရသည့် လူငယ်လူရွယ်များဖြစ်လာစေရန် ရည်ရွယ်၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ၊ Sunjin Myanmar Company နှင့် မိုးရိပ်ရှမ်းတောင်ပရဟိတအသင်းတို့ ပူးပေါင်းပြုလုပ်သော School Milk Programme အစီအစဉ်ဖြင့် ကျောင်းသား ကျောင်းသူများအား အာဟာရပြည့်နွားနို့နှင့် ကြက်ဥတိုက်ကျွေးရေးအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ အမှတ် (၄) ရပ်ကွက်ရှိ မြို့ဦးအခြေခံပညာအထက်တန်းကျောင်းခွဲတွင် ဆောင်ရွက်ခဲ့ရာ အရှေ့ပိုင်း လေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်ချုပ်စိုးအောင်နှင့် အဖွဲ့ဝင်များ ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် ဌာနဆိုင်ရာအကြီးအကဲများ ၊မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာ Mဇော်မိုင်နှင့် Sunjin Myanmar Company မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အရှေ့ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ် ၊ ဌာနချုပ်မှူး ဗိုလ်ချုပ်စိုးအောင် က School Milk Programme ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။
ထို့နောက် အရှေ့အလယ်ပိုင်း လေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်ချုပ်စိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုး၊ ခရိုင်ပညာရေးမှူး ဒေါ်နန်းခမ်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကျော်မိုး၊ မိုးရိပ် ရှမ်းတောင်လူမှုကူညီရေးအသင်းဥက္ကဌ ဦးစိုင်းဝင်းထွန်းနှင့် Sunjin Myanmar Company မှ တာဝန်ရှိသူများက ကျောင်းသားကျောင်းသူများကို အာဟာရနွားနို့နှင့် ကြက်ဥများ အသီးသီးပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ဌာနချုပ်မှူးနှင့် တာဝန်ရှိသူများက ကျောင်းသားကျောင်းသူများကို အာဟာရပြည့် နွားနို့နှင့် ကြက်ဥများအား လိုက်လံပေးဝေခဲ့ကြပြီး စာသင်ဆောင်များအတွင်း လိုက်လံကြည့်ရှုခဲ့ကြောင်းနှင့် အဆိုပါSchool Milk Program တွင်ကျောင်းသား ကျောင်းသူ စုစုပေါင်း (၈၀၂) ဦးကို အာဟာရနွားနို့ (၈၀) ပိဿာနှင့် ကြက်ဥအလုံး (၈၃၀) တို့ကို ကျွေးမွေးနိုင်ခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)