ကျောက်ဖြူ ဒီဇင်ဘာ ၂၉
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၏ အပတ်စဉ်ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါ ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများတက်ရောက်ကြသည်။
အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်က ကျောက်ဖြူမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စက်သုံးဆီ၊ စက်ယန္တရားများလိုအပ်ချက်နှင့် ပတ်သက်၍တင်ပြလာမှုအားလည်းကောင်း၊ ဌာနဆိုင်ရာများမှ ရုံးလုပ်ငန်းများဆောင်ရွက်ရန် စက်မောင်းဆီဝယ်ယူရရှိနိုင်ရေး ကူညီဆောင်ရွက်ပေးနိုင်ပါရန် တင်ပြလာမှုအားလည်းကောင်း၊ ခရိုင်အဆင့် လူရည်ချွန်မောင်မယ်ရွေးချယ်ရန် လာရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍လည်းကောင်း မေးမြန်း ဆွေးနွေးပြောကြားသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၃၉/၂၀၂၃) ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ အစည်းအဝေးအမှတ်စဉ် (၄၀/၂၀၂၃)တွင် ဆွေးနွေး ဆုံးဖြတ်မည့်အကြောင်းအရာများနှင့် ဌာနဆိုင်ရာများမှ မိမိတို့ဌာန၏ဆောင်ရွက်ထားရှိမှုများကို တင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)