ဒဂုံမြို့သစ်‌(မြောက်ပိုင်း)မြို့နယ်တွင် (၂၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ အခမ်းအနားကျင်းပ

ဒဂုံမြောက် ဒီဇင်ဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်‌(မြောက်ပိုင်း)မြို့နယ် ပြည်ကြီးချမ်းသာမဟာစေတီတော်(မြို့ဦးစေတီ)၏ (၂၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနားကို အမှတ်(၁၆)ရပ်ကွက် ပြည်ထောင်စုလမ်းရှိ ပြည်ကြီးချမ်းသာမဟာစေတီတော်(မြို့ဦးစေတီ)၊ တောင်ဘက်စောင်းတန်းတွင် ယမန်နေ့မွန်းလွဲ ၃ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ကြီးချမ်းသာမဟာစေတီတော်(မြို့ဦးစေတီ)၏ (၂၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနားအား နမောဒဿသုံးကြိမ်ရွတ်ဆို ဘုရားကန်‌တော့ဖွင့်လှစ်ပြီးတွင်  မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဝင်းမှ အဖွင့်အမှာစကားပြောကြားရာတွင် ဗုဒ္ဓပူဇနိယပွဲတော်ကို စေတီတော်ကြီးတည်ထားပြီး အလယ်ဌာပနာသွင်းသည့် ၁၉၉၆ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့မှစတင်ကျင်းပလာခဲ့ရာ ၁၉၉၆  ခုနှစ်မှ ၂၀၁၉ ခုနှစ်ထိ (၂၄)ကြိမ်မြောက်ထိ နှစ်စဉ်ကျင်းပခဲ့ရာ ခုနှစ်မှ ပြန်လည်ကျင်းပနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ စေတီတော်ကြီးအား မြို့နယ်ဩဝါဒစရိယဆရာ‌တော်ကြီးများနှင့် ဂိုဏ်းပေါင်းစုံမြို့နယ်သံဃနာယက ဆရာတော်ဘုရား ၁၂ ပါးနှင့် ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ဗုဒ္ဓဘိသေက အနေကဇာတင်လှူပူဇာ်သွားမှာဖြစ်ပြီး ဘာဏကသံဃာတော် ၁၂ ပါးမှ အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ်ကို ပူဇာ်သွားမှာဖြစ်‌ကြောင်း၊ ယနေ့မြို့နယ်အတွင်း နှစ်ကျိပ်ရှစ်ဆူဘုရားများအား လှည့်လည်အပူဇော်ခံပြီး ဘုရားပွဲတော်အား ဒီဇင်ဘာ ၃၀ ရက်နေ့မှ  ဇန်နဝါရီလ ၆ ရက်‌ နေ့ထိကျင်းပ၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဇန်နဝါရီလ ၇ ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ယခုဗုဒ္ဓပူဇနိယပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် အဘက်ဘက်မှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြ‌သော အဖွဲ့အစည်းများ၊ ဂေါပကအဖွဲ့ဝင်များ၊ ကော်မတီဝင်များ အထူးကျေးဇူးတင်ရှိပါကြောင်း၊ ဆက်လက်၍ စေတီတော်ကြီးသန့်ရှင်းသာယာလှပရေး၊ သာသနိကအဆောက်အအုံများ ပြုပြင်မွမ်းမံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အနေဖြင့် စေတီတော်ဂေါပကအဖွဲ့ဝင်များ စေတနာရှင်ပြည်သူများ၊ အလှူရှင်များဖြင့် စေတီတော်ကြီး  ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း ပြောကြားသည်။

ဆက်လက်၍ စေတီတော်ဘဏ္ဍာထိန်း ဂေါပကအဖွဲ့ဉက္ကဋ္ဌမှ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပနိုင်‌ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲမင်္ဂလာအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဒေါက်တာရွှေပြည်စိုးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ သတ်မှတ်နေရာအသီးသီးမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဦးစိန်မင်း(ဟံသာဝတီဆရာစိန်)က အောင်ဂါထာတော်ရွတ်ဖတ်၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

မြင့်မြင့်ရီ