နေပြည်တော် ဒီဇင်ဘာ ၂၉
ပြည်ထောင်စုနယ်မြေနေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပထမဖောင်းရစ်ရွှေစင်ရွှေပြား(Gold Plating) ကပ်လှူပူဇော်ခြင်းဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၂၈ ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပထမဖောင်းရစ်ရွှေစင်ရွှေပြား (Gold Plating) ကပ်လှူပူဇော်ခြင်း ဦးစီးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌမြို့တော်ဝန်ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများမှ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပထမဖောင်းရစ် ရွှေစင်ရွှေပြား(Gold Plating) ကပ်လှူပူဇော်ခြင်းဦးစီးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌမြို့တော်ဝန်ဦးသန်းထွန်းဦးက ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ပထမဖောင်းရစ်ဧရိယာ ၃၄၈၅ ဒသမ ၇၈ စတုရန်းပေအား ရွှေစင်ရွှေပြား ကပ်လှူပူဇော်သွားမှာဖြစ်ကြောင်း၊ ပြည်သူများ ပါဝင်လှူဒါန်းနိုင်ရန်အတွက် သတင်းစာများ၊ ရေဒီယိုနှင့် ရုပ်မြင်သံကြားတို့မှ အသိပေးနှိုးဆော်လျက်ရှိကြောင်း၊ လုပ်ငန်းများ အမြန်အကောင်အထည်ဖော်စတင်နိုင်ရေး ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း အရည်အသွေးပြည့်မီစေရေး၊ ရေရှည်ခိုင်ခံ့စေရေး၊ ကြည်ညိုဖွယ်ဖြစ်စေရေးကို အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခင်ကပ်လှူခဲ့သည့်အတွေ့အကြုံများကို အခြေခံပြီး အားနည်းချက်၊ အားသာချက်များ ဖော်ထုတ်ကာ လုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းများအောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် အားလုံးက ဝိုင်းဝန်းပူးပေါင်းပြီး ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုးက ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ပထမဖောင်းရစ်အား ရွှေစင်ရွှေပြား ဆက်ကပ်ပူဇော်နိုင်ရေးအတွက် လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ နေပြည်တော် ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့ဝင်ဦးထွန်းကြည်က ရွှေစင်ရွှေပြား ဆက်ကပ်ပူဇော်နိုင်ရေးအတွက် ယခင်ကပ်လှူခဲ့သည့် အတွေ့အကြုံများနှင့် လိုအပ်ချက်များ၊ ယခုလုပ်ငန်းဆောင်ရွက်မည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပထမဖောင်းရစ် ရွှေစင်ရွှေပြား (Gold Plating) ကပ်လှူပူဇော်ခြင်း ဦးစီးကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌတော်ဝန်ဦးသန်းထွန်းဦးက လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)