ထန်းတပင်(ရန်ကုန်) ဒီဇင်ဘာ ၂၉
ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၏ ၂၀၂၃ -၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ ပင်မဆောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားတွင် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ပါမောက္ခချုပ်ဆရာမကြီးဒေါက်တာခင်သီတာက အဖွင့်အမှာစကားပြောကြားခဲ့ကာ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဆရာမကြီးဒေါက်တာသန္တာ၊ ဒုတိယပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာသဇင်လွင်နှင့် ဒုတိယပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာရင်ရင်လွင်တို့က ကြိုဆိုနှုတ်ခွန်းဆက်စကားများ အသီးသီးပြောကြားခဲ့ကြပြီး ဌာနအသီးသီးမှ ပါမောက္ခများနှင့် တွဲဖက်ပါမောက္ခများက ကြိုဆိုနှုတ်ခွန်းဆက်စကားများ အသီးသီးပြောကြားခဲ့ကြသည်။
ထို့နောက် ဌာနမှူး(သင်တန်းရေးရာ)နှင့် ဌာနမှူး(စီမံ/ဘဏ္ဍာ)တို့မှဆရာကြီး၊ ဆရာမကြီးတို့က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ကြကာ အနောက်ပိုင်းတက္ကသိုလ်ရှိ အရာထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအား မိတ်ဆက်ပေးခြင်းအစီအစဉ်ကိုစတင်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူနှစ်ဦးတို့မှ ကျေးဇူးတင်စကားများပြန်လည်၍ပြောကြားသည်။ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ရှိ ဌာနအသီးသီးမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ(၃၁၇)ဦး တို့တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)