ပင်းတယ၌ ထောပတ်သီးများ စတင်ခူးဆွတ်ရောင်းချချိန် ဈေးကောင်းရရှိ၍ မိသားစုအပိုဝင်ငွေ ရရှိ

ပင်းတယ ဒီဇင်ဘာ ၂၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ(ပင်းတယ)တွင် ထောပတ်သီး]များ စတင်ခူးဆွတ်ရောင်းချချိန် ဈေးကောင်းရရှိနေ၍ ထောပတ်သီးစိုက်ပျိုးရောင်းချသည့် တောင်သူများ မိသားစုအပိုဝင်ငွေရရှိပြီး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ပင်းတယမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်၍ အသက်မွေးဝမ်းကြောင်းပြုကြပြီး ဒေသနှင့်ကိုက်ညီသော သီးပင်၊ စားပင်နှင့် ပန်းပင်များအား မျိုးကောင်း မျိုးသန့်များရရှိရန်အတွက် စိုက်ပျိုးရေး နည်းပညာများအသုံးပြု၍ စနစ်တကျ စိုက်ပျိုးကြလျက်ရှိရာ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် ထောပတ်သီးပင်များအား မိမိတို့နေအိမ်ခြံဝန်းများအတွင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးသူများရှိသကဲ့သို့ စီးပွားဖြစ်စိုက်ပျိုးဧက အများအပြား စိုက်ပျိုးကြသူများလည်းရှိသည်။

ထိုသို့စိုက်ပျိုးကြရာတွင် အအေးဓာတ်လွန်ကဲသောတောင်ပေါ်ဒေသများဖြစ်သည့် မဲနယ်တောင်ကျေးရွာ၊ ပန်းစစ်ကျေးရွာ၊ ဆီးကျအင်းကျေးရွာနှင့် အခြားသောတောင်ပေါ်ကျေးရွာများတွင် မတ်လပိုင်းမှ စတင်ခူးဆွတ်ရောင်းချကြရပြီး မြေပြန့်ဒေသများ၌ စိုက်ပျိုးထားသည့် ထောပတ်သီးများအား ဒီဇင်ဘာလ (ယခုလ)အတွင်း ခူးဆွတ်ရောင်းချကြရကြောင်း သိရသည်။

ဒီဇင်ဘာလအတွင်း ပင်းတယမြို့နယ်မှထွက်ရှိသော ထောပတ်သီးအရွယ်အစားပေါ်မူတည်၍ တစ်လုံးလျှင် ငွေကျပ်ငါးရာမှ တစ်ထောင်ကျပ်အထိ ရရှိကြောင်းနှင့် ထောပတ်သီးအလုံး အရွယ်အစားပေါ်မှုတည်၍ ဈေးနှုန်းကွာခြားမှုဖြင့် ပင်းတယမြို့နယ်မှတစ်ဆင့် ရန်ကုန်၊ တာချီလိတ်နှင့် အခြားမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ထောပတ်သီးပွဲစားတစ်ဦးထံမှ သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)