မိုင်းရယ်မြို့နယ် ကောင်းမောင်ကျေးရွာအုပ်စုတွင် တောင်သူများအား လယ်ယာမြေလုပ်ပိုင်ခွင့် ပြုလက်မှတ်ပုံစံ (၇) ပေးအပ်

မိုင်းရယ် ဒီဇင်ဘာ ၂၉

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုင်းရယ်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲ‌မှုအဖွဲ့မှ တောင်သူများအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ (၇) ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက  ကောင်းမောင်ကျေးရွာအုပ်စု၊ နမ့်တုံး (ရှမ်း) ရွာ၊ ကျေးရွာစုပေါင်ခန်းမ၌ ပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်က ပုံစံ (၇) လျှောက်ထားခြင်းဆိုင်ရာနည်းလမ်းများ၊ ပုံစံ(၇) လက်မှတ်ရရှိထားပါက မိရိုးဖလာအလုပ်အကိုင်များ တရားဝင်ဖြစ်လာစေမှုနှင့် ဘဏ်ချေးငွေများ ရယူရာတွင် ပိုင်ဆိုင်မှုအ‌ထောက်အထားပြ၍ ချေးငွေရယူနိုင်မည့်နည်းလမ်းများနှင့် အခြားရရှိနိုင်မည့် အခွင့်အရေးများ၊ လျှောက်ထားရန်ကျန်ရှိသည့် လယ်ယာမြေများကိုလည်း တရားဝင်လျှောက်ထားနိုင်ရေးတို့ကို တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အတွင်းရေးမှူး၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး ဦးဇော်မြင့်နိုင်က ပြည်သူလူထုများအား လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ထုတ်ပေးခြင်းနှင့်ပတ်သက်၍ လယ်ယာမြေဥပဒေ၊ နည်းဥပဒေ များကို ရှင်းလင်းခြင်း၊ ပုံစံ(၇) လျှောက်ထားရမည့်ပုံစံနှင့် လျှောက်ထားနည်းလုပ်ငန်းအဆင့်ဆင့်၊ အခွင့်အရေးများနှင့် စည်းကမ်းများကို မြန်မာ၊ရှမ်းနှစ်ဘာသာဖြင့်  ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် လယ်ယာ‌မြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌ၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက ကောင်းမောင်ကျေးရွာအုပ်စုနှင့် နားဖျိုင်းကျေးရွာ အုပ်စု(၂)အုပ်စုမှ တောင်သူ (၂၉)ဦး၊ ဦးပိုင်ပေါင်း (၃၃) ဦး၊ လယ်ယာမြေဧရိယာ စုစုပေါင်း ၂၄၆ ဒသမ ၈၉ ဧကအား လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ (၇) များကို တောင်သူများ လက်ဝယ်ထံ ပေးအပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများ၊ တောင်သူ စုစုပေါင်း (၇၀) ဦး တက်ရောက်ခဲ့ကြသည်။

မိုင်းရယ်မြို့နယ်တွင် ယနေ့အထိ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇)များကို ‌ကျေးရွာ အုပ်စု ၂၁ အုပ်စု၊ ဦးပိုင်ပေါင်း ၅၃၄၇ ဦး၊ လယ်ယာမြေဧရိယာ ၁၆၄၀၂ ဒသမ ၆၄ ဧက ထုတ်ပေးပြီးဖြစ်ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)