ကျောက်တလုံးကြီးမြို့ဈေး၌နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာရေးအရှိန်အဟုန်မြှင့်ဆောင်ရွက်

ကျောက်တလုံးကြီး     အောက်တိုဘာ   ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်  ကာကွယ်ရေးနှင့်ကူးစက်ပြန့်ပွားမှုမရှိစေရေး အတွက် နှာခေါင်းစည်း(Mask)မဖြစ်မနေ တပ်ဆင်သွားလာရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရာတွင် ယနေ့ နံနက်၆နာခွဲခန့်က ကျောက်တလုံးကြီး မြို့ဈေးနှင့် ဈေးအရှေ့ရှိကျောက်တလုံးကြီး- တောင်ကြီး ပြည်ထောင်စုကားလမ်းမကြီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျောက်တလုံးကြီးမြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူးဦးစောချမ်းနှင့်ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာန၊ လက်ထောက်ဦးစီးမှူး ဦးခွန်သားငယ်နှင့် တပ်ဖွဲ့ဝင်များ၊ နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊  ရပ်ကွက်အုပ်ချုပ်ရေးမှူးများတို့က ပူးပေါင်း၍ ဈေးရောင်းသူ ဈေးဝယ်သူပြည်သူများနှင့် ကျောက်တလုံးကြီး-တောင်ကြီး ပြည်ထောင်စုကားလမ်းမရှိ လမ်းသွား/လမ်းလာပြည်သူများကို နှာခေါင်းစည်း (Mask) တပ်ဆင်အသုံးပြုရန် ပျက်ကွက်သူများအား အသိပညာပေးခြင်း၊ ဒဏ်ငွေကျပ်(၂၀၀)ကို ဒဏ်ကြေးလက်မှတ်ဖြင့် မှတ်တမ်းရေးသွင်းပေးဆောင်စေပြီး နှာခေါင်းစည်း(Mask)ကို တစ်ပါတည်း တပ်ဆင်စေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြဝင်း(ပြန်/ဆက်)