ပေါင် ဒီဇင်ဘာ ၂၉
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ (၁၂)ကြိမ်မြောက် မွန်လူငယ်များနေ့အခမ်းအနားကျင်းပခြင်းကို ယမန်နေ့နံနက်(၈)နာရီက ထန်းပင်ချောင်ကြီးကျေးရွာ၌ ပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် သဘာပတိအဖွဲ့ဝင်များအဖြစ် မွန်ဆရာတော်များဖြစ်သည့် ပေါင်မြို့နယ်၊ ဘုရားကြီးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစန္ဒောဘာသနှင့် သံဃာတော်(၃)ပါး၊ ထန်းပင်ချောင်ကြီးကျေးရွာမှ မွန်လူငယ်များနေ့အခမ်းအနား ကျင်းပရေးကော်မတီဥက္ကဋ္ဌ/မွန်ညီညွတ်ရေးပါတီဗဟိုကော်မတီဝင် နိုင်ချမ်းမြင့်၊ NMSP (မွန်)အဖွဲ့မှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်စိုက်ချမ်းထောနှင့်တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ ဘင်ခရာအဖွဲ့(၇)ဖွဲ့ဖြင့် စစ်ကြောင်းပုံဖြင့်ချီတက်၍ ကွင်းအတွင်းနေရာယူခြင်း၊ မွန်လူငယ်အလံကိုင်အဖွဲ့ဝင်တစ်ဦးမှ မွန်အလံအား အလံတိုင်ထိပ်သို့လွှင့်တင်ခြင်း၊ တက်ရောက်လာသူများမှ မွန်အမျိုးသားသီချင်းအားသီဆိုခြင်း၊ မွန်အမျိုးသားအလံအား စုပေါင်းအလေးပြုခြင်း၊ ကျဆုံးလေပြီးသော မွန်အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း၊ ဘုရားကြီးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစန္ဒောဘာသ၊ ပရဟိတကျောင်းတိုက်မှ ဥူးမေဓိယတို့မှ (၁၂)ကြိမ်မြောက်မွန်လူငယ်များနေ့အတွက် အမှာစကားမိန့်ကြားပြီး (၁၂)ကြိမ်မြောက် မွန်လူငယ်များနေ့အတွက် NMSP(မွန်)အဖွဲ့ဥက္ကဋ္ဌ နိုင်ဟံသာမှပေးပို့သော သဝဏ်လွှာအား NMSP(မွန်)အဖွဲ့မှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်စိုက်ချမ်းထောမှ ဖတ်ကြားခဲ့သည်။
ထို့နောက် သဘာပတိအဖွဲ့ဝင် မွန်လူငယ်တစ်ဦးဖြစ်သည့် နိုင်မရောချမ်းမှ မွန်စာပေနှင့်ပေယဉ်ကျေးမှု ပိုမိုတိုးတက်အောင်ဆောင်ရွက်ပြီး မွန်လူငယ်အချင်းချင်းအမြင်ချင်းဖလှယ်ကာ စည်းလုံးမှုပိုမိုရရှိစေရန် စုစည်းလုပ်ဆောင်ပေးသည့် နေ့တစ်နေ့ဖြစ်ပင်ကြောင်း၊ ယခုကဲ့သို့ မွန်လူငယ်များနေ့ ပြုလုပ်ပေးခြင်းဖြင့် မွန်လူငယ်များ ပိုမိုစည်းလုံးညီညွတ်စေရန်ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။
(၁၂)ကြိမ်မြောက် မွန်လူငယ်များနေ့အခမ်းအနားသို့ ဘင်ခရာအဖွဲ့စစ်ကြောင်းများမှ မွန်လူငယ်ကျောင်းသား/သူများ၊ မွန်သံဃာတော်များ၊ မွန်နိုင်ငံရေးပါတီဝင်များ၊ မွန်စာပေယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့်ဧည့်သည်များ၊ ဒေသခံမွန်ပြည်သူများပါ စုစုပေါင်း(၁၅၀၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း၊ မွန်လူငယ်များနေ့အထိမ်းအမှတ်အဖြစ် ဆုပေးပွဲများနှင့် မွန်တေးဂီတဖျော်ဖြေတင်ဆက်မှုများအား ဆက်လက်ကျင်းပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)