စဉ့်ကိုင် ဒီဇင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကျောင်းသား/ကျောင်းသူ လူငယ်များအနေဖြင့် အသိပညာဗဟုသုတကြွယ်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆွေးနွေးမှုများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က အ.ထ.က (စဉ့်ကိုင်)ကျောင်းရှိ သဇင်ခန်းမ၌ ကျင်းပခဲ့ရာ စဉ့်ကိုင်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းနှင့် ဝန်ထမ်းများ၊ အ.ထ.က(စဉ့်ကိုင်)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းဆီနှင့် ဆရာ/ဆရာမများ၊ အထက်တန်းအဆင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် အ.ထ.က (စဉ်ကိုင်) မှကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းဆီက အဖွင့်အမှာစကား ပြောကြားပြီးနောက် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက လူငယ်စကားဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်များကို ပြောကြားရာတွင် ကျောင်းသား/ကျောင်းသူ လူငယ်များအနေဖြင့် ပြင်ပစာပေဗဟုသုတများကို လေ့လာဖတ်ရှုရန်၊ လူငယ်အချင်းချင်း ချစ်ခင်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများကို ရရှိစေရန်နှင့် စဉ်းစားဉာဏ်နှင့်အတွေးအခေါ်များကို ရရှိစေရန်၊လူငယ်များ အသိပညာ၊ အတတ်ပညာနှင့် လူ့ကျင့်ဝတ်တန်ဖိုးမြှင့်တင်ပေးရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုတဲ့ ဗလငါးတန် ဖွံ့ဖြိုး တိုးတက်လာစေရန်၊ စကားပြောစွမ်းရည်များ ကျွမ်းကျင်စွာတက်မြောက်ပြီး လူအများရှေ့တွင် ရဲရဲဝံ့ဝံ့ ပြောဆိုတက်စေရေးတို့ကို ရည်ရွယ် ၍ ယခုလို လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ရကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက Moderator အဖြစ် ဦးဆောင်ဆွေးနွေးခဲ့ပြီး အ.ထ.က (စဉ့်ကိုင်) ကျောင်းမှ Grade- 10© ကျောင်းသူ မသံသာဆွေဇင်က “လူငယ်နှင့်ဝါသနာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9(B) ကျောင်းသူ မအိမ့်သဉ္ဇာနိုင်က “လူငယ်နှင့်မူးယစ်ဆေးဝါး” ခေါင်းစဉ်ဖြင့်လည်ကောင်း၊ Grade-9(B) ကျောင်းသား မောင်ဟိန်းထက်က “လူငယ်နှင့်ဝတ်စားဆင်ယင်မှု” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ် ပြန်လည် ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်းသိရှိရသည်။ စကားဝိုင်းအပြီးတွင် ကျောင်းသား/သူလေးများက ခန်းမအတွင်းပြသထားသည့် ဗဟုသုတစုံလင်သောအသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကျော်စွာ(စဉ့်ကိုင်)