သခွားသီး တစ်ပိုင်တစ်နိုင် စိုက်ပျိုးသူများ စျေးကောင်းရ၍ မိသားစုဝင်ငွေတိုး

ကျိုက်မရော  ဒီဇင်ဘာ   ၂၈

မွန်ပြည်နယ်၊  ကျိုက်မရောမြို့နယ် နိတုံကျေးရွာ၌ သခွားသီးစျေးကောင်းရသဖြင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးသူ ခြံပိုင်ရှင်များ ယခုရာသီတွင် စျေးကောင်းရရှိသဖြင့် မိသားစုဝင်ငွေတိုးလျက်ရှိကြောင်း သိရသည်။

သခွားသီးကို တန်ဆောင်မုန်းလဆန်းပိုင်းမှ စ၍မျိုးစေ့ချကာ  ရက်ပေါင်း  ၂၅ ရက်ခန့်ကြာလျှင်  အညွန့်များ ထွက်လာပြီး အညွန့်လေးများတက်လာပါက တိုင်ထောင်ပေးရပြီး အပွင့်လေးများပွင့်လာပါက တိုင်ထောင်ပေးရကြောင်းနှင့် သခွားပင် အပွင့်လေးများ ပိုးမကိုက်စေရန်အတွက် အားတိုးဆေးဖျန်းပေးရပြီး အသီးသီးချိန်၌ ပိုးမကျစေရန် ပိုးသတ်ဆေး ဖျန်းပေးရပြီး စိုက်ပျိုးပြီးတစ်လအကြာ၌ သခွားသီးအကင်းလေးများ စတင်သီးလာပြီး ရက်ပေါင်း ၄၅ ရက်ကြာပါက သခွားသီးများ လှိုင်လှိုင်ထွက်ရှိပြီးဖြစ်သဖြင့် ခူးရောင်း၍ရပြီးဖြစ်ကြောင်း နိတုံကျေးရွာရှိ အိမ်ခြံမြေလွတ်များ၌ ရေသွင်းကာ မြေအောက်ရေဖြင့် သခွားသီးများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးသူများ မိသားစုအပိုဝင်ငွေရရှိကာ စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သခွားသီး စိုက်ပျိုးရောင်းချသူ ဦးမျိုးကျော်က ပြောပြချက်အရ သိရသည်။

သခွားသီးကို တစ်ရက်ခြားတစ်ကြိမ်ခူးရပြီး တစ်ကြိမ်ခူးလျှင် ပိသာချိန် ၁၀၀ ကျော်ရရှိပြီး တစ်ပိသာကို ၃၀၀၀ ကျပ်ထိ စျေးကောင်းရရှိနေသောကြောင့် သခွားသီးကို ခြံများတွင် မြေလွတ်ရှိသမျှ တိုးပွားစိုက်ပျိုးလာကြပြီး နိတုံကျေးရွာ အပြင်ခြံကုန်း၊ မြကုန်း စသည့် ရွာများ၌လည်း သခွားသီးစိုက်ပျိုးသူ များပြားလာကြောင်း သိရသည်။

သခွားသီးကို ထမင်းဝိုင်းတွင် တို့စရာအပြင် သုတ်စား၍လည်းရကြောင်း၊ မွန်ပြည်နယ် သခွားသီးထောင်းဆိုလျှင် နာမည်ကြီးပြီး အရသာမှာ ထူးကဲကောင်းမွန်သဖြင့် လူတိုင်း ကြိုက်နှစ်သက်ကြသဖြင့် သခွားသီးက စျေးကွက်ဝင် သီးနှံတစ်မျိုးဖြစ်လာကြောင်း သခွားသီးတွင် ရိုးရိုးသခွားသီးနှင့် ယိုးဒယားသခွားသီးဆိုပြီး နှစ်မျိုးရှိကာ ယိုးဒယားသခွားသီးမှာ အလုံးသေး၍ စားလိုက်လျှင် ချိုပြီး ခြံသခွားသီးမျိုးများမှာ အလုံးထွားပြီး အချိုပေါ့ကြောင်း သိရသည်။ မြန်မာလူမျိုးတို့၏ အလှူပွဲများတွင်လည်း သခွားသီးက မပါမဖြစ် သီးနှံဖြစ်၍ စျေးကွက်တွင် စျေးကောင်းများရရှိလျက် ရောင်းရလွယ်ကူကြောင်း သိရသည်။

 မိချို(ပြန်/ဆက်)