စစ်တွေ ဒီဇင်ဘာ ၂၉
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်လမ်းညွှန်မှုဖြင့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်ပေးမှုကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခုတင် ၅၀၀ ဆံ့အထွေထွေရောဂါကုဆေးရုံကြီး၌ ဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အထွေထွေရောဂါကုဆေးရုံကြီး၌ ကျန်းမာရေးစောင့် ရှောက်မှုခံယူရန် ရောက်ရှိလာကြသော နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ရင်းရင်းနှီးနှီးတွေ့ဆုံအား ပေးစကားပြောကြားကြ သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခုတင် ၅၀၀ ဆံ့အထွေ ထွေရောဂါကုဆေးရုံကြီးမှ သမားတော်ကြီးများ၊ အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများကနိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ရာတွင် ပြည်နယ်ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာ ကြည်လွင်နှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ကာ သမားတော်ကြီးများ၊ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက သွေးပေါင်ချိန်တိုင်း တာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှုတိုင်းတာပေးခြင်း၊ ဆီးချို၊ သွေးချိုစစ်ဆေးပေးခြင်း၊ နှလုံးရောဂါစစ်ဆေးခြင်း၊ ရင်ခေါင်း ရောဂါစစ်ဆေးခြင်းနှင့် ultrasound ရိုက်စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး မဟာပညာ ကျော်ခန်းမ၌ စစ်တွေမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းပေးအပ်ပွဲသို့တက်ရောက်ကြသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများကို စားရေရိက္ခာများ အထိုက်အလျောက် ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများ သာမက ရခိုင်ပြည်နယ်၏ ပညာရေးတိုးတက်မြင့်မားစေရေးအတွက် ကြိုးပမ်းအားထုတ်လျက်ရှိကြသော ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများကိုလည်း အားပေးချီးမြှောက်သောအားဖြင့် ယခုကဲ့သို့ အခမ်းအနားဖြင့် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်မှာ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်ပြီး နောက်တစ်နေ့တွင် နိုင်ငံတော်အကြီးအကဲကိုယ်တိုင် ရောက်ရှိလာပြီး မုန်တိုင်းတိုက်ခတ်ပြီပြီး ပြည်လည်ထူထောင်ရေး ဆောင်ရွက်သည့်အခါ နိုင်ငံတော်အကြီးအကဲက ယခင်အခြေအနေထက်သာလွန်ကောင်းမွန်သည့် အခြေအနေတစ်ရပ်ကို ရောက်အောင် ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း၊ ဦးစွာမှာကြားသည်မှာ ပညာရေးဖြစ်ကြောင်း၊ ကျောင်းများဖွင့်လှစ် သင်ကြားချိန်ရောက်ရှိမည်ဖြစ်သည့်အတွက် ကျောင်းများဖွင့်လှစ်သင်ကြားနိုင်ရေးချက်ချင်း ဆောင်ရွက်ခဲ့ကြခြင်းကြောင့် ဇွန်လ ၁ ရက်နေ့တွင်ကျောင်းများကို တစ်နိုင်ငံလုံးနည်းတူ ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ထို့အတူ ကျန်းမာရေးလုပ်ငန်းများ၊ သာသနိကအဆောက်အအုံများကို ပြည်နယ်အစိုးရ အဖွဲ့၊ တပ်မတော်၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပြည်သူများနှင့် လူမှုအလွှာ အသီးသီးက ပြည်သူများပူးပေါင်းပါဝင်ဆောင်ရွက်မှုကြောင့် အချိန်တို့အတွင်းမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်း များကို ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ အချိန်တိုအတွင်းမှာ လျှပ်စစ်မီးရရှိအောင်၊ လမ်းများဖွင့်လှစ် နိုင်အောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ယခုကဲ့သို့ပြောပြခြင်းသည် နေရာတစ်ခုကို ပြန်လည်ထူ ထောင်သည့်အခါ အခက်အခဲပေါင်းမျိုးစုံကို ကျော်လွှားကာ ဆောင်ရွက်ခဲ့ရသည်ကို သိစေလိုသည့်အတွက်ကြောင့်ဖြစ်ကြောင်း၊ ဝိုင်းဝန်းပြီးဆောင်ရွက်ခဲ့သည့်အား၊ ပြည်ထောင်စု ၏အား၊ ပြည်နယ်မှာရှိ သောဌာနဆိုင်ရာများ၏အား၊ လူထုအလွှာအသီးသီးတို့၏အားဖြင့် ဆောင်ရွက်ခဲ့ရသည်ကို ကျောင်းသား၊ ကျောင်းသူများနှင့် သားသမီး လူငယ်များကို သိစေချင်၍ ပြောကြားခြင်းဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများသည် နောင်တစ်ချိန်တွင် မိမိတို့ဒေသကို ဦးဆောင်ဦးရွက်ပြုမည့် လူငယ်များ၊ မျိုးဆက်သစ်များ၊ အနာဂတ်၏ခေါင်းဆောင်များ ဖြစ်ကြောင်း၊ အခြေအနေမှန်ကို သိရှိပြီးမိမိတို့ဒေသကို ကာကွယ်ရမည်၊ စောင့်ရှောက်ရမည်၊ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပျက်စီးခြင်းသည် လွယ်ကူသော်လည်း ပြန်လည်ထူထောင်သည့်အခါ မည်ကဲ့သို့ခက်ခဲသည်ကို အားလုံးအသိဖြစ်ကြောင်း၊ ဒါကြောင့်လူငယ်များကို သိအောင်ပြောပြီး လမ်းမှားမရောက်အောင် ဆောင်ရွက်စေလိုကြောင်း၊ နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင် ပညာရေး ကိုအထောက်အကူပြုသည့်ဆရာ၊ ဆရာမများ၏အင်အားသည် များစွာလိုအပ်ပါကြောင်း၊ ဆရာ၊ ဆရာမများ သည် အနန္တဂိုဏ်း ဝင်များဖြစ်သကဲ့သို့ လူငယ်များအတွက် မီးရှူးတစောင်လည်းဖြစ်ကာ နိုင်ငံအတွက်တန်ဖိုးရှိ သော ဝန်ထမ်းများဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံ့တာဝန်ကိုကျေပွန်စွာထမ်းဆောင်ရင်း တဖက်တလမ်းက လူငယ်များ၏အနာဂတ်ဘဝကို မြှင့်တင်ပေးနိုင်သော ဆရာကောင်း၊ ဆရာမွန်များဖြစ်နိုင်ကြပါစေကြောင်း၊ မကြာမီ အတန်းတင်စာမေးပွဲများလည်း နီးကပ်လာပြီဖြစ်သည့်အတွက် မည်သို့ပင်အခက်အခဲများ ရှိစေကာမူ စိတ်ထားတနာမှန်မှန်ဖြင့် ကလေးငယ်များကို ပညာတတ်စေလိုသည့်ဆန္ဒဖြင့် ဆောင်ရွက်ပေးကြစေလိုကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ပညာရေး အဆက်မပြတ်စေရန်၊ ပညာတတ်စေရန်နှင့် ပညာထူးချွန်စေရန် ဆရာ၊ ဆရာမများ၊ ပညာရေးမှူးများ၊ ပညာရေးဝန်ထမ်းများအားလုံးက မိမိတို့နှင့် အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြော ကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို ပေးအပ်ကြရာ ဆရာ၊ ဆရာမများ နှင့်ဝန်ထမ်းများက လက်ခံရယူပြီး ဆရာတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကြကာ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းအတွင်း ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)