ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီးမှု အခြေအနေများကွင်းဆင်းစစ်ဆေး

ရန်ကုန် ဒီဇင်ဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ညောင်ကုန်းကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီးမှုအခြေအနေများကို ယမန်နေ့နံနက်ပိုင်းက မှော်ဘီခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။
ကွင်းဆင်းစစ်ဆေးရာတွင် မှော်ဘီခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဆွေဆွေမြင့်၊ ခရိုင်နှင့်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ခံအင်ဂျင်နီယာများ၊ Novus Myanmar Q.C Co;Ltd မှတာဝန်ရှိသူများနှင့်အတူ ညောင်ကုန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီးမှုအခြေအနေများကို စစ်ဆေးခဲ့ကြပြီး လမ်းအရည်အသွေးစံချိန်စံညွှန်းပြည့်မီရေးနှင့် လမ်းကြာရှည်တည်တံ့ကောင်းမွန်စေရေး ထိန်းသိမ်းဆောင်ရွက်သွားကြရန်တို့ကို ရှင်းလင်းပြောကြားသည်။
ညောင်ကုန်းကျေးရွာကုန်ထုတ်ဂဝံလမ်းကို တိုင်းဒေသကြီးအစိုးရရန်ပုံငွေဖြင့် တင်ဒါအောင်မြင်သည့် Jue Jue San Co;Ltd မှ လမ်းအရှည်ပေ(၁/၃.၆၆)မိုင်၊ အကျယ်(၁၂)ပေ၊ ဒု(၉)လက်မကိုနိုဝင်ဘာလမှစတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယခုအခါလုပ်ငန်းများအားလုံး (၈၀%)ခန့်ပြီးစီးနေပြီဖြစ်ကာ ကုန်ထုတ်လမ်းလုပ်ငန်းဆောင်ရွက်ပြီးစီးပါကလည်း ကျေးရွာရှိအိမ်ခြေ(၂၁၀)တို့မှ လူဦးရေ(၇၉၆)ဦးတို့၏ လယ်ယာမြေဧကများစွာအားအကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)