ထန်းတပင်မြို့နယ်၌ မီးဘေးအန္တရာယ်ကင်းဝေးရေးအသိပေးနှိုးဆော်

ထန်းတပင်(ရန်ကုန်) ဒီဇင်ဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၌ ပြည်သူများအား မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေးနှင့် မီးဘေးအန္တရာယ်များကိုကြိုတင်၍ ကာကွယ်ဆောင်ရွက်နိုင်ရန်အတွက် သတိပြုလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသိပညာပေးနှိုးဆော်မှုများကို ဒီဇင်ဘာလ(၂၈)ရက်နေ့၊ ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်း မီးသတ်ယာဉ်ဖြင့်လှည့်လည်၍ အသိပေးနှိုးဆော်မှုများကိုဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မီးသတ်ယာဉ်ဖြင့် အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ရာတွင်လည်း မြို့နယ်မီးသတ်ဦးစီးဌာန လက်ထောက်ဦးစီးမှူးဦးအုန်းဝင်းနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်လမ်းများတစ်လျှောက် မီးဘေးအန္တရာယ်ကင်းဝေးစေရေးသတိပြုလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသိပညာပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်းလည်း သိရသည်။

အသိပေးနှိုးဆော်ဆောင်ရွက်ရာတွင်လည်း ရပ်ကွက်အတွင်းရှိနေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေးဘူးများထားရှိရန်၊ ဖယောင်းတိုင်မီး၊ ခြင်ဆေးမီး၊ မီးဖိုမီးများအား စနစ်တကျငြိမ်းသတ်ပြီးမှ အိပ်ကြပါရန်၊ လျှပ်စစ်မီးအားသတိထားကိုင်တွယ်ကြရန်၊ တရားမဝင်လောင်စာဆီများသိုလှောင်ခြင်း၊ ရောင်းချခြင်းများမပြုလုပ်ရန်၊ လမ်းသွားရင်း ဆေးလိပ်သောက်သုံးခြင်းမပြုလုပ်ရန်၊ မိမိတို့နေအိမ်ပတ်ဝန်းကျင်ရှိရေအိုး၊ ရေစည်များကိုရေဖြည့်ထားရှိရန်နှင့်အမှိုက်များ မီးရှို့လိုပါကလည်း မြို့နယ်မီးသတ်ဦးစီးဌာနထံသို့ သတင်းပေးပို့ဆောင်ရွက်သွားရန်တို့ကို မြို့ပေါ်ရပ်ကွက် လမ်းများတလျှောက် မီးသတ်ကားဖြင့်လှည့်လည်ကာ အသိပေးနှိုးဆော်ခြင်းကို မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက လိုက်လံဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။          

ဇင်မင်းထိုက်(ထန်းတပင်)