ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းဆောင်ရွက်

ရန်ကုန်  ဒီဇင်ဘာ ၂၈

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးခြင်း အသိပညာပေးလုပ်ငန်းဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ(၄)ရက်နေ့မှစတင်၍ ရန်ကုန်တိုင်းဒေသကြီးနယ်မြေ၊ ခရိုင်(၄)ခုရှိ မြို့နယ်(၄)မြို့နယ်တို့တွင် မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း အစီအစဉ်အား တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း ပထမနေ့အဖြစ် ယမန်နေ့ (၁၀း၀၀)နာရီအချိန်မှ (၁၅း၀၀)နာရီအချိန်အထိ ကမာရွတ်မြို့နယ်ရှိ အ.ထ.က(၂)ကမာရွတ်၊ ပညာတန်ဆောင်ခန်းမတွင်ကျင်းပခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကမာရွတ်မြို့နယ်မှ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ ကမာရွတ်မြို့နယ်အတွင်းရှိ ရပ်ကွက်(၁၀)ရပ်ကွက်မှ မဲဆန္ဒရှင်ပြည်သူ(၁၇၉)ဦး၊ စုစုပေါင်းမဲဆန္ဒရှင်ပြည်သူ(၄၈၁)ဦးတက်ရောက်ကာ လက်တွေ့စမ်းသပ်မဲပေးလေ့လာခဲ့ကြကြောင်းနှင့် သက်ဆိုင်ရာခရိုင်/ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ တာဝန်ရှိသူများက ရှင်းလင်းပြသကြီးကြပ် ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

နွယ်