မြင်းခြံ ဒီဇင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ အ-ထ-က(၄)ကျောင်း၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်က မြင်းခြံမြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း စံပယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
"ကျောင်းသား/ကျောင်းသူများအနေဖြင့် အရေး၊ အဖတ် ကျွမ်းကျင်မှုအပြင် ပြောဆိုနိုင်မှုမှာလည်း ကျွမ်းကျင်နိုင်စေရေးအတွက် အခုလို ကျပန်းစကားပြောပြိုင်ပွဲ ပြုလုပ်ရခြင်းဖြစ်ပါတယ်။ ယခုလို ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြင့် ကျောင်းသား/ကျောင်းသူများ ဗဟုသုတ ပိုမိုရရှိ စေနိုင်ရန်၊ လွတ်လပ်ရေးနေ့ အကြောင်းအရာများကို ပိုမိုသိရှိ နားလည်စေရန်ရည်ရွယ်ပြီး ပြုလုပ်ပေးရခြင်း ဖြစ်ပါတယ်" ဟု မြို့နယ်ပညာရေးမှူး(တာဝန်ခံ) ဒေါ်သိန်းမေက ပြောသည်။
ကျပန်းစကားပြောပြိုင်ပွဲတွင် မြင်းခြံမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တို့မှ အထက်တန်းအဆင့်တွင် ကျောင်းသား/ကျောင်းသူ (၅) ဦးနှင့် အလယ်တန်းအဆင့်တွင် ကျောင်းသား/ကျောင်းသူ (၅) ဦးတို့က နိုင်ငံအဓွန့်ရှည် တည်တံ့ဖို့ လွတ်လပ်ရေးကို ထိန်းသိမ်းစို့၊ ထာဝရတည်စေ လွတ်လပ်ရေးအမွေ၊ စည်းလုံးခြင်းတည် လွတ်လပ်ရေးဆီသို့၊ စိန်ရတုလွန် လွတ်လပ်ရေးမှသည် ကမ္ဘာတည်သို့၊ လွတ်လပ်ရေးနှင့် အချုပ်အခြာ မျိုးချစ်စိတ်နှင့် ကာကွယ်ပါ စသည့်ခေါင်းစဉ်များအား မဲနှိုက် ရွေးချယ်ကာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိသူ ကျောင်းသား/ကျောင်းသူများအား (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)