စမ်းချောင်း ဒီဇင်ဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့(အကြို) အားကစားပြိုင်ပွဲများကို အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် ဒီဇင်ဘာ(၂၇)ရက်နေ့မှစ၍ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအားကစားပြိုင်ပွဲတွင် ကျောင်းအုပ်ဆရာမကြီးက အားကစားပြိုင်ပွဲများကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြိုင်ပွဲအားစတင်ကျင်းပရာ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ကျောင်းသားကျောင်းသူများကို ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက အားပေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အဆိုပါ အားကစားပြိုင်ပွဲများကို ဒီဇင်ဘာ(၂၇)ရက်နှင့် ဒီဇင်ဘာ(၂၈)ရက်နေ့များတွင် ကျင်းပဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ကျောင်းတွင်းအားကစားပြိုင်ပွဲများအဖြစ် ဂုံနီအိတ်စွပ်ပြေးပွဲ၊ စကောရွက်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ဖယောင်းတိုင်မီးသယ်ဆောင်ခြင်းပြိုင်ပွဲ၊ အပ်ထိုးပြိုင်ပွဲ၊ သုံးချောင်းထောက်အပြေးပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲအစရှိသည့် အားကစားနည်းများကို ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား ကျောင်းစုံညီပွဲတော်တွင် ဆုများအသီးသီးပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
နီလာစိုး