မွန်ပြည်နယ်မှ လာမည့်နှစ်ဆားထုတ်လုပ်ရာသီတွင် ဆားတန်ချိန် ၄၇၀၀၀ ခန့်ထွက်ရှိရန် မျှော်မှန်းထား

မော်လမြိုင် ဒီဇင်ဘာ ၂၉

မွန်ပြည်နယ်အတွင်း လာမည့်နှစ် ဆားထုတ်လုပ်ရာသီအချိန်တွင် ဆားကွင်းပေါင်း ၉၀ မှ ဆားတန်ချိန် ၄၇၀၀၀ ခန့်ထွက်ရှိရန်မျှော်မှန်းထားပြီး ပြည်တွင်းဆား စားသုံးမှုလုံလောက်စွာရှိ၍  ပြည်ပသို့တင်ပို့နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း မွန်ပြည်နယ်ဆားလုပ်ငန်းဌာနမှ သိရသည်။

ဆားထုတ်လုပ်ရာသီသည် နှစ်စဥ်ဒီဇင်ဘာလမှစတင်ပြီး ဧပြီလတွင် မိုးရွာသွန်းပါက ခေတ္တရပ်နားကာ မိုးရွာသွန်းမှုမရှိပါက မေလကုန်အထိလုပ်ကိုင်ဆောင်ရွက်ကြသည်။

ဆားလုပ်ငန်းတောင်သူများအနေဖြင့် ဆားထွက်များကာ စျေးနှုန်းခိုင်မာမှုရှိပါက အကျိုးအမြတ်ဖြစ်ထွန်းမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ဆားကြမ်း တစ်ပိဿာလျှင် ငွေကျပ် ၁၅၀ ဝန်းကျင်ရှိကာ တနင်္သာရီတိုင်းရှိ ထားဝယ်၊ မြိတ်မြို့နှင့် မန္တလေးတိုင်းသို့တင်ပို့ကာ ဆားကြမ်းထက် ဆားချောများကို မန္တလေးတိုင်းသို့  အများဆုံးတင်ပို့သည်။

မွန်ပြည်နယ်မှထွက်ရှိသော ဆားများကို ပြည်ပသို့တင်ပို့လျက်ရှိပြီး သြဂုဏ်လအတွင်း သံဖြူဇရပ်မြို့နယ်မှ ထွက်ရှိသော ဆားကြမ်းနမူနာ တန် ၂၀ ကို ကနဦးအနေ​ဖြင့် ဂျပန်နိုင်ငံသို့ စမ်းသပ်တင်ပို့ထားပြီး တောင်ကိုရီးယားနိုင်ငံသို့လည်း တန်ချိန် ၄၀ တင်ပို့နိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။

မွန်ပြည်နယ်တွင် နေလှန်းဆားများထုတ်လုပ်သည့် ဆားကွင်းများမှာ ယခင်နှစ်က ၈၉ ကွင်းရှိပြီး ယခုနှစ်တွင် ဆားကွင်း ၉၀ ဖြင့် ပိုမိုထုပ်လုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သားငယ် (မုဒုံ)