ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လေ့လာရေးဘုရားဖူးရောက်ရှိခဲ့ပါက မြေဘုံသာ ဘုရားလှဂူဘုရားအတွင်းရှိ ထိုင်တော်မူဆင်းတုတော်နှင့်နံရံပန်းချီ၊ ဂူဘုရားတည်ဆောက် ပုံဗိသုကာပညာရပ်များကိုလေ့လာနိုင်

ညောင်ဦး ဒီဇင်ဘာ ၂၉

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်  ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလေ့လာရေးလာရောက်ခဲ့ပါက ပုဂံဒေသရှိသမိုင်းအထင်ကရ ဘုရားများကိုဖူးမြော်ပြီး မြေဘုံသာဘုရားလှဂူဘုရားအတွင်းရှိ ထိုင်တော်မူဆင်းတုတော်ကို ဖူးမြော်ပြီး နံရံဆေးရေးပန်းချီများနှင့် ဂူဘုရားတည်ဆောက်ပုံဗိသုကာပညာရပ်တို့ကို လေ့လာနိုင်ကြောင်း သိရသည်။

မြေဘုံသာဘုရားလှဂူဘုရားသည် ညောင်ဦးမြို့မှပုဂံမြို့သစ်သွား အနော်ရထာနှစ်လမ်းသွား ကားလမ်းမကြီးဘေး ရွှေဆံတော်ဘုရားအရှေ့ဘက်တွင်တည်ရှိပြီး  အရှေ့ဘက်မုခ်လှည့် ဂူဘုရားတစ်ဆူဖြစ်သည်။ လိုဏ်အတွင်း ပလ္လင်တော်ပေါ်၌ အတော်အသင့်ကြီးမားသည့် အရှေ့ဘက်မျက်နှာမူ ထိုင်တော်မူဆင်းတုတော် တစ်ဆူတည်ထားကာ မြောက်ဘက်မုခ်တွင် မယ်တော်မာယာ၊ မိထွေးတော်ဂေါတမီနှင့် သိဒ္ဓထ္ထမင်းသားပုံတို့ပါရှိပြီး၊ အနောက်ဘက်မုခ်တွင် လှောင်းတော်မူဆင်းတုတော်နှင့် တောင်ဘက်မုခ်တွင် ထိုင်တော်မူဆင်းတုတော်တို့အား တည်ထားပူဇော်ထားသည်ကို လေ့လာနိုင်ပေသည်။ ဂူဘုရားအတွင်းတွင် နံရံဆေးရေးပန်းချီများ လေ့လာတွေ့ရှိနိုင်ပြီး နှစ်ထပ်လိုဏ်ဘုရားဖြစ် ကာအပေါ်ထပ်သို့တက်ရန် အုတ်လှေကား တဘက်တချက်ပါရှိတက်ရောက်နိုင်သည်။ အပေါ်ထပ်တွင် အရှေ့မုခ်လှည့် ထိုင်တော်မူ ဆင်းတုတော်တစ်ဆူတည်ထားသည်ကို လည်းလေ့လာဖူးမြော်နိုင်သည်။ ဂူဘုရားအပြင်ဘက်တွင် အင်္ဂတေပန်းဆွဲများ၊ စိန်တောင်ပန်းဆွဲများ အကောင်းတိုင်းကျန်ရှိနေသည်ကို လေ့လာတွေ့ရှိနိုင်ပြီး ဂူဘုရားတည်ဆောက် ပုံဗိသုကာပညာရပ်သည် ပုဂံခေတ်ဘုရားတည်ဆောက်မှု ပညာရှင်များ၏ဆန်းသစ်သော တည်ဆောက်မှုနှင့် ဂူဘုရား အမျိုးမျိုးတို့အား မတူညီသည့် တည်ဆောက်မှုပုံစံများကိုလည်း မြေဘုံသာဘုရားလှဂူဘုရားတွင် လေ့လာနိုင်ကြောင်း သိရသည်။

မြေဘုံသာဘုရားလှ ဂူဘုရားမြောက်အနောက်ဘက်တွင် ရွှေဆံတော်စေတီတော်၊ လောကထိပ်ပန်ဂူဘုရား၊ မြောက်ဘက်တွင် သဗ္ဗညုဘုရား၊ အာနန္ဒာဘုရားတို့ကိုလည်း တဆက်တစပ်တည်း ဖူးမြော်နိုင်ကြောင်း သိရသည်။

ဒီပါလင်း