ရန်ကင်း ဒီဇင်ဘာ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် လေ့ကျင့်ရေးအလယ်တန်းကျောင်းတွင် လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာန၊ ရန်ကင်းမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်(၂)ဖြင့် (၁၀)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ထို့သို့နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ရာတွင် ရန်ကင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနရန်ကင်းမြို့နယ် ဦးစီးမှူးရုံး မြို့နယ်ဦးစီးမှူး ဦးသိန်းမောင်နှင့် ဝန်ထမ်းများက လေ့ကျင့်ရေးအလယ်တန်ကျောင်းရှိ (၁၀)နှစ်အထက် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၆၃)ဦးတို့အား ဆောင်ရွက်ပေးပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများအား လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ပြီးသည့် ကျောင်းသား၊ ကျောင်းသူများအား လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာန ရန်ကင်းမြို့နယ်ရုံး၌ (Biometric) ရိုက်ကူးစစ်ဆေးခြင်းများအား တပါတည်း လုပ်ဆောင်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
ရဲလေး (ပြန်/ဆက်)