နည်းပညာတက္ကသိုလ်(တောင်ငူ)၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် The Project Show and Competition 2023 ပြိုင်ပွဲ အခမ်းအနား ကျင်းပ

တောင်ငူ   ဒီဇင်ဘာ ၂၉

ပဲခူးတိုင်းဒေသကြီး၊ နည်းပညာတက္ကသိုလ်(တောင်ငူ)တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် The Project Show and Competition 2023 ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က တက္ကသိုလ်ရှေ့ကွင်းရင်ပြင်၌ ကျင်းပသည်။

ဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသည့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်း၊ တောင်ငူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်စိုး၊ နည်းပညာတက္ကသိုလ်(တောင်ငူ) ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ဝင်းမွန်တို့က အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်းက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ နည်းပညာတက္ကသိုလ် (တောင်ငူ) ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ဝင်းမွန်းက Project Show and Competition 2023 ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ဆုရွေးချယ်ရေး အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဧည့်သည်တော်များ၊ အခြေခံပညာကျောင်းများမှ  ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ပြသထားသည့် အင်ဂျင်နီယာသင်တန်း (၆)ခုမှ  Project  ပစ္စည်းများအား လိုက်လံကြည့်ရှုကြပါသည်။

ထို့နောက်ပြိုင်ပွဲတွင် အီလက်ထရောနစ်အင်ဂျင်နီယာသင်တန်းမှ "Weather Monitoring System Using Raspberry PI"  ခေါင်းစဉ်ဖြင့် ပထမဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများ၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာနမှ" ARDUINO Based Transmission Line Protection System" ခေါင်းစဉ်ဖြင့် ဒုတိယဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများနှင့် စက်မှုအင်ဂျင်နီယာဌာနမှ "Solar Grass Cutting Machine" ခေါင်းစဉ်ဖြင့် တတိယဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်း၊ တောင်ငူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်စိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂) ဦးယဥ်ဌေးတို့က ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် The Project Show and Competition 2023 ပြိုင်ပွဲကို နည်းပညာတက္ကသိုလ်(တောင်ငူ)အနေဖြင့် ဒေသအဖွဲ့အစည်းရှိ လုပ်ငန်းရှင်များ၏ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများကို တစ်ဖက်တစ်လမ်းမှ ကူညီဖြေရှင်းပေးနိုင်သည့် တက္ကသိုလ်တစ်ခု ဖြစ်လာစေရေး ကြိုးစားဆောင်ရွက်လျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ၏ တီထွင်ပြုလုပ်ထားသော ပစ္စည်းများကို အခြေခံပညာ ကျောင်းသားလူငယ်များ၊ ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များအား ပြသ၍ ဖန်တီးနိုင်စွမ်းရည်များကို ယှဉ်ပြိုင်စေပြီး တိုးတက်လာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းကြောင်း သိရသည်။

ဇော်ကိုကို(တောင်ငူ)