သာကေတမြို့နယ်တွင် မြန်မာအီလက်ထရွန်နစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်း ဆောင်ရွက်

သာကေတ ရန်ကုန် ဒီဇင်ဘာ ၂၉

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အီလက်ထရွန်နစ် မဲပေးစက်ဖြင့် မဲပေးခြင်း အသိပညာပေးလုပ်ငန်းအား ဆောင်ရွက်လျက်ရှိရာ  ဒီဇင်ဘာ (၄) ရက်နေ့မှ စတင်ကာ ရန်ကုန်တိုင်းဒေသကြီး ခရိုင်လေးခုရှိ မြို့နယ်လေးမြို့နယ်တို့၌ မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရွန်နစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်း အစီအစဥ်ကို တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရွန်နစ် မဲပေးစက် (MEVM)ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်း ပထမနေ့အဖြစ် ဒီဇင်ဘာ ၂၈ ရက် နံနက် (၁၀:၀၀)နာရီမှ မွန်းလွဲ (၃:၀၀)နာရီထိ သာကေတမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ စခန်းဝင်းအတွင်းရှိ ဝေရဇိတဓမ္မာရုံတွင် ဆောင်ရွက်ခဲ့ရာ ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ သာကေတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်ရုံးစာရေးများ၊ သာကေတမြို့နယ်မှ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် များ၊ စက်မှုလက်မှုရပ်ကွက် ၊ ၁ / အနော်မာရပ်ကွက်၊ ၁/ထူပါရုံရပ်ကွက်၊ ၂/တောင်ရပ်ကွက်၊ ၂/မြောက်ရပ်ကွက် စသည့် ရပ်ကွက် (၅)ရပ်ကွက်တို့မှ မဲဆန္ဒရှင် ပြည်သူ (၂၀၀)ဦး စုစုပေါင်းမဲဆန္ဒရှင် ပြည်သူစုစုပေါင်း (၄၆၀)ဦး တက်ရောက်ကာ လက်တွေ့စမ်းသပ်မဲပေးလေ့လာခဲ့ပြီး သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ ခရိုင်/မြို့နယ်စီမံအုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ရှင်းလင်းပြသ ကြီးကြပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)