ကျောက်ဆည်မြို့တွင် မြစိမ်းရောင်(အသားကဏ္ဍ) ကျေးရွာထူထောင်ခြင်းလုပ်ငန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်းနှင့် စာချုပ်ချုပ်ဆိုပွဲအခမ်းအနားပြုလုပ်

ကျောက်ဆည်  ဒီဇင်ဘာ ၂၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် နိုင်ငံတော်မှ မွေးမြူရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုလိုသူ ကျေးလက်နေပြည်သူများအတွက် တစ်နိုင်တစ်ပိုင်မှသည် တစ်ရွာထုတ်ကုန်တစ်မျိုးအဆင့်အထိ ထုတ်လုပ်သွားနိုင်မည့် မြစိမ်း ရောင် (အသားကဏ္ဍ) မွေးမြူရေး ကျေးရွာများ ရွေးချယ်ပြီး အကောင်ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်(၁၀)နာရီက ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြစိမ်းရောင် (အသားကဏ္ဍ) ကျေးရွာထူထောင်ခြင်းလုပ်ငန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ လွှဲပြောင်းပေးအပ် ခြင်းနှင့် စာချုပ်ချုပ်ဆိုပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးငွေဒိုးက မြန်မာနိုင်ငံတွင် ကျေးရွာပေါင်း ၆၃၈၉၉ ရွာရှိပြီး နိုင်ငံလူဦးရေ၏  ၇၀.၄ ရာခိုင် နှုန်းသည် ကျေးလက်ဒေသများတွင် နေထိုင်ကြပါကြောင်း၊ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးရန်၊ မိသားစုဝင်ငွေတိုးပွားစေရန်နှင့် တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ခြင်းဖြင့် အာဟာရပြည့်ဝစေရန်ရည်မှန်း၍ မြစိမ်းရောင် (အသားကဏ္ဍ) ကျေးရွာစီမံကိန်းများကို နိုင်ငံတော်မှ ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းမင်းက မြစိမ်းရောင်(အသားကဏ္ဍ) စီမံကိန်းဆောင်ရွက်မည့် ကျေးရွာ များအနေဖြင့် အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် သိန်း၃၀၀ကိုနိုင်ငံတော်မှ မတည်ပေးမည်ဖြစ်ပြီး စီမံကိန်းရန်ပုံငွေများကို သက်သာသော အတိုးနှုန်းများရယူပြီး ရန်ပုံငွေပမာဏတိုးပွားစေရေးနှင့် ရေရှည် တည်တံ့လည်ပတ်စေနိုင်စေရေး၊ ဒေသနှင့်ကိုက်ညီမည့် နည်းလမ်းများ အသုံးသွားကြရန် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးက မြစိမ်းရောင်(အသားကဏ္ဍ) ကျေးရွာထူထောင်မည့် တံတားဦးကုန်းကျေးရွာနှင့် မကျီးတောကျေးရွာများအား အရင်းမပျောက် မတည်လည်ပတ်ရန်ပုံငွေ ကျပ်သိန်း၃၀၀အား မြစိမ်းရောင်ရန်ပုံငွေကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌများထံသို့ လွှဲပြောင်း ပေးအပ်ခဲ့ပြီး ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်း သဘောတူစာချုပ်များချုပ်ဆိုခဲ့ကြောင်း သိရ သည်။

သက်မောင်