မဟာအောင်မြေမြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ ကျင်းပ

မဟာအောင်မြေ ဒီဇင်ဘာ ၂၈

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၌ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲကိုအမှတ်(၈) အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ရှေးဦးစွာ အမှတ်(၈) အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ်ဆရာကြီးမှ အဖွင့်အမှာ စကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုဘိုဟန်က (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ နှင့်ပတ်သက်၍ ဟောပြောရာတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများသည် အင်္ဂလိပ်တို့လက်အောက်မှ လွတ်မြောက်ရန် စွမ်းစွမ်းတမံကြိုးစားခဲ့ သောကြောင့် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်သော မြန်မာနိုင်ငံကြီး ဖြစ်လာကြောင်း၊လွတ်လပ် ရေးကြိုးပမ်းမှု အချိန်အခါတွင် တိုင်းရင်းသားပြည်သူများ၏ အသက် သွေး၊ ချွေးပေါင်းများစွာ ပေးအပ်ခဲ့ရ‌ကြောင်း၊ လွတ်လပ်ရေးနေ့ကို တိုင်းရင်းသားအားလုံးက မြတ်နိုးတန်ဖိုးထားသောကြောင့် လွတ်လပ်ရေးနေ့ရောက်တိုင်း လွတ်လပ်ရေးနေ့ အခမ်းအနားများနှင့် အတူ ပျော်ပွဲ၊ ရွှင်ပွဲ၊ အားကစားပြိုင်ပွဲများကို ရပ်တိုင်း၊ ရွာတိုင်း၊ မြို့နယ်တိုင်းတွင် ကျင်းပပေးလျက်ရှိကြောင်း၊လွတ်လပ်စွာ နေထိုင်လိုလျှင် လွတ်လပ်ရေးကို မြတ်နိုးတန်ဖိုးထားရမည်ဖြစ်‌ကြောင်း၊ လွတ်လပ်ရေးကြီး မဆုံးရှုံးရအောင် တစ်မျိုးသားကာကွယ်စောင့် ရှောက်ကြရမည်ဖြစ်ကြောင်း စသည်များ အကျယ်တဝင့်ပြောကြားခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးရှီးမွန်က လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုအဖြစ်အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အားကစားဝါသနာရှင်များအနေဖြင့် မိမိတို့မြို့နယ် အားကစားကွင်း၌ မည်သူမဆို (အခမဲ့)လာရောက်ကစားနိုင်ကြောင်း စသည်များပြောကြားပြီး အားကစားပစွည်းများလည်းထောက်ပံ့ပေးအပ်ခဲ့သည်။ ဆက်လက်၍ ခင်းကျင်းပြသထားသော လွတ်လပ်ရေးနေ့နှင့် ပတ်သက်သည့် ဗဟုသုတရဖွယ် နံရံကပ်စာစောင်များကိုတက်ရောက်လာသော ကျောင်းသား/သူများက  လေ့လာကြည့်ရှုပြီး (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ လက်ကမ်း စာစောင်များကိုလည်း (အခမဲ့)ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း