ကျိုင်းတုံမြို့ ဓမ္မောဒယစာသင်တိုက် ဦးစီးနာယက ဆရာတော်ဘဒ္ဒန္တနန္ဒမေဓ၏ အန္တိမအဂ္ဂိဈာပန ပူဇာသဘင်အခမ်းအနား ကျင်းပ

ကျိုင်းတုံ ဒီဇင်ဘာ ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၃)ရပ်ကွက်၊  ဓမ္မောဒယစာသင်တိုက်၊ ပဓာနနာယက ဆရာ‌တော်ဘဒ္ဒန္တနန္ဒမေဓာ၊ သက်တော်(၆၄)နှစ်၊ ဝါတော်(၄၄)ဝါ၏ အန္တိမအဂ္ဂိဈာပန အခမ်းအနားကို ဒီဇင်ဘာ ၂၇ ရက်က ဘုရားကိုးဆူကျောင်းဝင်း၌ ကျင်းပသည်။

အခမ်းအနားသို့ ကျိုင်းတုံမြို့ ကောင်းမှုခမ်းကျောင်းတိုက် ဆရာတော်ဒ္ဒန္တဝိဇေယျအမှူးပြုသော ရပ်နီးရပ်ဝေးမှ ဆရာတော်သံဃာ‌တော်ကြီးများ ကြွရောက်‌တော်မူပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်းနှင့် တာဝန်ရှိသူများ တက်‌ရောက်ကြသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ပါမောက္ခချုပ်ဆရာတော် ဘဒ္ဒန္တဓမ္မသာမိ၏ သံဝေဂပွားတော်မူကြောင်း သဝဏ်လွှာအား ဖတ်ကြားပူဇော်ခြင်း ဆောင်ရွက်ပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် အလှူရှင်များက ပံ့သကူသင်္ကန်းနှင့် လှူဖွယ်ဝတ္တုများအား ဆက်ကပ်လှူဒါန်း၍ သံဝေဂတရားနာကြားကာ ရေစက်သွန်းချ အမျှပေးဝေကြသည်။ ထို့နောက် တပည့်ဒယိကာ၊ ဒါယိကာမများက အပြစ်ရှိကခွင့်လွှတ်တော်မူရန် တောင်းပန်ကန်တော့၍ ဆရာ‌တော်အား နောက်ဆုံးတောင်းပန်ကန်တော့ကြသည်။ ယင်းနောက် ဆရာတော်၏ ရုပ်ကလပ်တော်အား အန္တိမဈာပန တေဇောဓတ်ဖြင့် မီးပူဇော်မည့် လောင်တိုက်တော်သို့ ဒေဝါဝင်း၊ ရာဇာဝင်းများ ဝဲယာခြံရံ၍ ဆရာ‌တော်၏ တပည့်သံဃာ‌‌တော်များ၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများ၊ ဈာပနကော်မတီဝင်များ၊ ဆွေ‌တော်မျိုးတော်များနှင့် တပည့်ဒါယိကာများက ပင့်‌‌ဆောင်ကြသည်။

၎င်းနောက် သံဃာ‌တော်များဦးဆောင်၍ အနိစ္စာဝတသင်္ခါရာ အစချီသော သံဝေဂသုံးဂါထာကိုရွတ်ဆိုပြီး သာဓုသုံးကြိမ်ရွတ်ဆိုပွားများ၍ ပြည်နယ်ဝန်ကြီးချုပ်က အန္တိမဈာပနတေဇောဓာတ်ဖြင့် စတင်မီးပူဇော်ပြီး ရောင်စုံမီးရှုးမီးပန်းများ လွှင့်တင်ပစ်ဖောက်ပူဇော်ခဲ့ကြသည်။

 အောင်ဇင်မြင့်(ပြန်/ဆက်)