လားရှိုးမြို့ ရေပူစမ်းအပန်းဖြေစခန်းသို့ မော်တော်ယာဉ်များဖြင့် မိသားစုလိုက်လာရောက်ကြသူများ

လားရှိုး ဒီဇင်ဘာ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့အနီးရှိ ရေပူစမ်းအပန်းဖြေစခန်းသို့ မိသားစုလိုက် မော်တော်ယာဉ်များဖြင့် လာရောက်ကြသူ များပြားလှကြောင်း သိရသည်။

လားရှိုးရေပူစမ်းသို့ မော်တော်ယာဉ်ဝင်ရောက်ခွင့်ကျသင့်ငွေမှာ တစ်စီးလျှင် နှစ်ထောင်ကျပ်၊ ဆိုင်ကယ်နှင့်သုံးဘီးတစ်စီးလျှင် တစ်ထောင့်ငါးရာကျပ်၊ လူတစ်ဦးလျှင် တစ်ထောင်ကျပ်ဖြင့် ဝင်ရောက်ကာ ရေပူချိုး၊ ရေပူစိမ်နိုင်ကြောင်း သိရသည်။

“ဒီရက်ပိုင်း လားရှိုးမှာ အအေးပိုတော့ ရေပူလာချိုးကြတဲ့သူတွေ များတယ်။ ညမထွက်ရအမိန့်ကြောင့် အရင်နှစ်တွေလို ညပိုင်းလာလို့မရတော့ မနက်ပိုင်းတော့ လူပိုများတယ်။ နေ့လယ်ပိုင်းတော့ လာလည်တဲ့သူ မနက်ပိုင်းလောက်တော့မများဘူး။” ဟု ရေပူစမ်းတွင်ဈေးရောင်းချသူတစ်ဦးက ဆိုသည်။

လားရှိုးမြို့ရှိ ရေပူစမ်း အပန်းဖြေစခန်းကို ယခုနှစ်ဆောင်းရာသီအပန်းဖြေရာသီအဖြစ် နှစ်စဉ် နိုဝင်ဘာ၁ရက်မှစတင် ဖွင့်လှစ်လေ့ရှိပြီး ဖေဖော်ဝါရီလကုန်ပိုင်းအထိ လာရောက်လည်ပတ်ကြသူများဖြင့် စည်ကားလေ့ရှိကြောင်း သိရသည်။

ရေပူစမ်းတွင်ရေပူချိုးသူများသည် ပင်မရေပူကန်တွင် ရေပူမချိုးချင်သူများအနေဖြင့် သီးသန့်ရေးချိုးခန်းများတွင်လည်း အခန်းခကျသင့်ငွေပေးဆောင်ကာ ရေပူချိုးနိုင်ကြောင်း သိရသည်။

လားရှိုးမြို့ ရေပူစမ်းကို အပန်းဖြေစရာ နေရာစခန်းတစ်ခုအဖြစ် ၁၉၆၃ ခုနှစ်က စတင်ခဲ့သည်ဟု သိရှိရပြီး ၁၉၉၁ ခုနှစ်တွင် ခေတ်မီသော ရေပူစမ်း အပန်းဖြေစခန်းတစ်ခုအဖြစ် ပြုပြင်မွမ်းမံခဲ့ကာ လားရှိုးမြို့၏ လူသိများထင်ရှားသော အပန်းဖြေစရာနေရာတစ်ခုဖြစ်ကြောင်း သိရသည်။  

စိုင်းထွန်း (လားရှိုး)