ပင်းတယ ဒီဇင်ဘာ ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း “မြတ်ရတနာ”ခန်းမ၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပင်းတယမြို့နယ်ရုံးမှ ဖွင့်လှစ်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပင်းတယမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်မိုးလွင်က အဖွင့်အမှာစကားပြောကြားပေးပြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပင်းတယမြို့နယ်ဦးစီးမှုးရုံးမှ ဦးစီးမှူးဒေါ်ဝင်းမာသိန်းမှ သင်တန်းဖွင့်လှစ်ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပေးသည်။
အဆိုပါသင်တန်းတွင် သင်တန်းသူ၊ သင်တန်းသား ၂၆ ဦးတက်ရောက်သင်ကြားပြီး၊ သင်တန်းကာလမှ ဒီဇင်ဘာလ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများအပြင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းအဖွဲ့တို့မှလည်း သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းစဉ်များမှာ ပါဝင်သည့် မိမိတို့ဌာနအလိုက် လုပ်ငန်းစဉ်များကို ပူးပေါင်းပါဝင်ဆွေးနွေးသွားမှာဖြစ်သည့်အတွက် ပင်းတယမြို့နယ်အပါအဝင် ရှမ်းပြည်နယ်အတွက်များစွာအကျိုးရှိစေမည့် သင်တန်းဖြစ်ကြောင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပင်းတယမြို့နယ်ဦးစီးမှူးရုံး ဦးစီးမှူးထံမှ သိရသည်။
အောင်ကိုဦး(ဒေသပြန်/ဆက်)