မိုင်းယောင်း ဒီဇင်ဘာ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ရှေခင်ကြိုးတံတားနှင့် ဒွန်းနွဲ့ကြိုးတံတားများ တည်ဆောက်ရာ၌ အခက်အခဲမဖြစ်ပေါ်စေရေးအတွက် ယမန်နေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် တာဝန်ရှိသူများက ကွင်းဆင်းလေ့လာခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးပိုင်၊ ရှေခင်ကျေးရွာ တာဝန်ခံတို့နှင့်အတူ မိုင်းဖြတ်မြို့နယ် ဆိုင်းလေကျေးရွာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ စီမံမှုဖြင့် အရှည် ၁၄၀ ပေ၊ အကျယ်(၅)ပေ၊ အမြင့် ၁၂ ပေ ကြိုးတံတားတည်ဆောက်ပြီးစီးမှုအား ကွင်းဆင်းလေ့လာခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
ထိုနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မျိုးအေးချိုနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများတို့နှင့်အတူ အ.လ.က-ခွဲ(မုန်းလိုက်)ကျောင်း၊အ.လ.က(တပ်တွင်း)ကျောင်းနှင့် အ.မ.က(ပါမုန်)ကျောင်းတို့၌ ရပ်ရွာနေပြည်သူများ အခြေခံမြန်မာစာဘာသာရပ်၊ အခြေခံသင်္ချာဘာသာရပ် သင်ကြားနေမှုများကို လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းမြင့်လှိုင်(ပြန်/ဆက်)