မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ် ကညှော်ကျေးရွာ ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင် ကျိုက်ကော့ရွဲစေတီတော်မြတ် ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချမင်္ဂလာ အခမ်းအနား တက်ရောက်

မော်လမြိုင် ဒီဇင်ဘာ ၂၈

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက ချောင်းဆုံမြို့နယ်ကညှော်ကျေးရွာ ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင်ကျိုက်ကော့ရွဲစေတီတော်မြတ် ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ မင်္ဂလာအခမ်းအနား သို့တက်ရောက်သည်။

ရှေးဦးစွာ ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင် ကျိုက်ကော့ရွဲစေတီတော်မြတ် ကမ္ဗည်းမော်ကွန်းကျောက်စာအား  မြစေတီစာသင်တိုက်ကြီး၏ ဦးစီးပဓါန နာယကဆရာတော် ဝိနယပါဠိပါရဂူ(အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တဝိမလဗုဒ္ဓိ၊ ကညော်တိုက်ကျောင်းဆရာတော် ဘဒ္ဒန္တပညာဇောတိ၊ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်၊ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရဦးလှထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်းပူဇော်ခဲ့ကြသည်။

ထို့နောက် အလှူတော်မင်္ဂလာမဏ္ဍပ်၌ ဆရာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ကြပြီး မြစေတီစာသင်တိုက်ဦးစီးပဓာန နာယကဆရာတော် မြစေတီဝံသာဓိပတိ အဂ္ဂမဟာပဏ္ဍိတ မြဆရာတော်ကြီးထံ ငါးပါးသီလခံယူဆောက်ကြပြီး သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့၀င်ဝန်ကြီးများနှင့် အလှူရှင်မိသားစုတို့က ကျိုက်ကော့ရွဲစေတီတော်မြတ်ကြီးတွင် တင်လှူပူဇော်မည့် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆရာတော်များထံ ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် မြစေတီစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် မြစေတီဝံသာဓိပတိ အဂ္ဂမဟာပဏ္ဍိတ မြဆရာတော်ကြီး၊ ကညှော်တိုက်ကျောင်းဆရာတော်ကြီး၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ကမ္ဘာ့ငြိမ်းချမ်းရေးဂုဏ်ထူးဆောင်ပါရဂူ ကျိုက်ထီးဆောင်း ဒုတိယဒီပဆရာတော်ကြီးများက ဩဝါဒကထာမိန့်ကြားခြင်းနှင့် ဗုဒ္ဓါသောပနဿ ပီတိဝမ်းမြောက်စကား ပြောကြားကာ၊ မြစေတီစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် မြစေတီဝံသာဓိပတိ အဂ္ဂမဟာပဏ္ဍိတ မြဆရာတော်ကြီးထံမှ အနုမောဒနာတရားနာယူ ကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေ၍ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြသည်။

ဆက်လက်၍ စေတီတော်ပေါ်သို့ တင်လှူပူဇော်မည့် ဆည်းလည်းတော်များ၊ ငှက်မြတ်နားတော်နှင့် ရတနာစိန်ဖူးတော်တို့အား စေတီတော်၏ လက်ယာရစ်သုံးပတ်လှည့်လည်ပင့်ဆောင်ပူဇော်၍ မင်္ဂလာအချိန်တွင် ပန်းရထားဖြင့် စေတီတော်မြတ်ကြီးပေါ်သို့ ပင့်ဆောင်ခဲ့ပြီး ဆရာတော်ကြီးများမှ ဦးစီးအမှူးပြု၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား စေတီတော်အထွဋ်သို့ တင်လှူပူဇော်ကြပြီး အမွှေးနံသာရည်များပက်ဖြန်းကာ ရတနာရွှေမိုးငွေမိုးများရွာသွန်းဖြိုးပြီး တက်ရောက်လာသော ဧည့်ပရိသတ်များအား စတုဒိတာဖြင့် ကျွေးမွေးဧည့်ခံလှူဒါန်းခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)