ဆီဆိုင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရန် လူငယ်ရေးရာအသိပညာပေး ဟောပြော

ဆီဆိုင် ဒီဇင်ဘာ ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန်၊ ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူတော်လူကောင်းများဖြစ်လာစေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများကြွယ်ဝစေရန် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက တဘက်ကျေးရွာအုပ်စု၊ ပန်းကန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးဦးဖြိုးမင်းအောင်က အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဆီဆိုင်မြို့နယ်ရုံးမှ ဦးစီးအရာရှိဦးကြီးဒဲရယ်က လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်စာရိတ္တ၊ စာတတ်ဖို့သာမက ပညာတတ်ဖို့ပါ ကြိုးစားကြ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူးဦးဇော်ထွန်းက လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုး တိုးတက်ပြီး အားကစားစိတ်ဓာတ် ပိုမိုသက်ဝင်ယုံကြည်ခြင်းသည် တစ်မျိုးသားလုံး၏ ကာယ၊ ဉာဏ၊ စာရိတ္တ ဖွံ့ဖြိုးတိုးတက်လာစေပြီး အားကစားကိုစိတ်ပါဝင်စားသည့် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက်  မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူးဦးဇော်ထွန်းက ပန်းကန်းအခြေခံပညာအထက်တန်းကျောင်းအတွက် အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)