(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား မန္တလေးမြို့ မန္တလာသီရိအားကစားကွင်းတွင် အောင်မြင်စွာကျင်းပရေး (တတိယအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မန္တလေး ဒီဇင်ဘာ ၂၈

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ မန္တလာသီရိ အားကစားကွင်းတွင် အောင်မြင်စွာကျင်းပရေး (တတိယအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  ယမန်နေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး(၂)ထပ်ဆောင် အစည်းအဝေးခန်းမတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပရေး ဦးစီးကော်မတီနာယက တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်းက မန္တလာသီရီအားကစားကွင်းတွင် အခမ်းအနား ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား အသေးစိတ်ရှင်းလင်းတင်ပြသည်။

၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီအလိုက် သက်ဆိုင်ရာတာဝန်ရှိသူများက ပြီးခဲ့သည့်လုပ်ငန်းညှိနှိုင်း အစည်းအဝေးများမှ ဆုံးဖြတ်ချက်များအပေါ် လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို တင်ပြဆွေးနွေးကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများအမြန် ပြီးစီးဆောင်ရွက်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ၂၀၂၃ ခုနှစ် နှစ်သစ်ကူးညတွင် အနုပညာရှင်များ၏ ဖျော်ဖြေ တင်ဆက်မှုများနှင့်အတူ ပြည်သူများအေးချမ်းပျော်ရွှင်စွာဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ပြီး တင်ပြဆွေးနွေးမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်