မြစ်သား ဒီဇင်ဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်ရွှေသူဌေးရပ်ကွက်အတွင်းရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်I Mandalay Co.Ltd တို့ ပူးပေါင်းဆောင်ရွက်သည့် စျေးဆိုင်တိုက်ခန်းများ အထူးရောင်းချပေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပန်းသီတာစျေး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာအထူးစျေးရောင်းပွဲတော်အခမ်းအနားကိုI Mandalay Co.Ltd တာဝန်ရှိသူများနှင့်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးစိုးအောင်တို့က မိတ်ဆက် စကားပြောကြားကာ ပန်းသီတာစျေးတွင် အဆင့်မြင့် စျေးအင်္ဂါရပ်များနှင့်အညီ စျေးဆိုင်တိုက်ခန်းပေါင်း (၁၂၇)ခန်း တည်ဆောက်ထားပြီး ပိုင်ဆိုင်မှုခိုင်မာသည့် တစ်ထပ်ခွဲအဆောက်အဦး အပြင်ဘက်တန်း A-Type စျေးဆိုင်တိုက်ခန်း၏ အလျား (၁၀)ပေ၊အနံ(၁၆)ပေ၊အမြင့်(၁၅)ပေ(ထပ်ခိုးပါ) တစ်ခန်းလျှင်ငွေကျပ် (၁၂၈)သိန်း၊ B-Type စျေးဆိုင်တိုက်ခန်း အလျား(၈)ပေ၊အနံ(၁၀)ပေ၊ အမြင့်(၁၀)ပေ(တစ်ထပ်) တစ်ခန်းလျှင်ငွေကျပ် (၈၀)သိန်းဖြစ်ပြီးC- Type စျေးဆိုင်တိုက်ခန်း အလျား(၈)ပေ၊အနံ(၈)ပေ၊ အမြင့်(၉)ပေနှင့်(၆)လက်မရှိ(တစ်ထပ်) တစ်ခန်းလျှင် ငွေကျပ် (၄၀)သိန်းဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ စျေးဆိုင်တိုက်ခန်းများရောင်းချသော ဆိုင်ခန်းများနှင့် ပတ်သက်သည့် စည်းမျဉ်း၊ စည်းကမ်းချက်များအကြောင်းပြောကြားပြီး စျေးဆိုင်တိုက်ခန်းများကို ဒီဇင်ဘာ(၂၇)ရက်နေ့ တစ်ရက်သာ လာရောက်ဝယ်သူများအား I Mandalay Co.Ltd တို့မှ (၂) ရာခိုင်နှုန်း (၂၅)ခန်း အထိသာအထူးလျော့စျေးဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးစိုးအောင်ရှင်းလင်းပြောကြားခဲ့ပြီး ယခင်စျေးနှုန်းများထက် (၂၀)ရာခိုင် နှုန်းလျော့ချ၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ပန်းသီတာစျေး စျေးဆိုင်တိုက်ခန်းများ အထူးစျေးရောင်းပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးခိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူး ဘိုဘိုအောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးစိုးအောင်နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ စျေးဆိုင်တိုက်ခန်းများ လာရောက်ဝယ်ယူသည့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
ဝင်းမင်းထွန်း (ပြန်/ဆက်)