မိုင်းဖြတ် ဒီဇင်ဘာ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိဌာနဆိုင်ရာများသည် ဒီဇင်ဘာ၂၇ရက်၊ နံနက်ပိုင်းက အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းများဖြစ်သည့် နားမွန်းကျေးရွာနှင့် ဆိုက်ခေါင်ကျေးရွာများသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တပ်နယ်မှူးဒုတိယဗိုလ်မှူးကြီးအောင်ကိုစိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးညီညီအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးတင်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးဦးအောင်ကျော်ညွှန့်နှင့် တာဝန်ရှိသူများသည် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဖြင့် နားမွန်းကျေးရွာ ခန်းမဆောင်၌ စာသင်သား(၁၁)ဦးဖြင့် ဖွင့်လှစ်သင်ကြားလျှက်ရှိသည့် မြန်မာစာ၊ မြန်မာစကားနှင့် ဂဏန်းသင်္ချာများ သင်ကြားပြသနေသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး စာသင်သားအားကို အားပေးစကားများ ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့သည် တောညုကျေးရွာအုပ်စု၊ ဆိုက်ခေါင်ကျေးရွာ မူလတန်းလွန်ကျောင်း၌ ဖွင့်လှစ်လျက်ရှိသည့် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းကို ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် ဆိုက်ခေါင်ကျေးရွာနှင့် စာသင်ကျောင်းသို့ ဖြတ်သန်းသွားလာလျက်ရှိသည့် ချောင်းကူးတံတား ပြုပြင်ရန်လိုအပ်သည့် အခြေအနေများကို တာဝန်ရှိသူများနှင့်အတူ တိုင်းတာစစ်ဆေးခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၃ခုနှစ်၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၂၀ရက်မှစတင်၍ ရက်ပေါင်း(၄၀)ကြာ ဖွင့်လှစ်သင်ကြားသွာမည်ဖြစ်ပြီး မြို့နယ်အတွင်း ကျေးရွာ ၁၃ရွာမှ စာသင်ဝိုင်း (၂၀)၊ စာသင်သား ၂၃၆ဦးရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)