ကျောက်ဆည် ဒီဇင်ဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ တံတားဦး၊ မြစ်သား(၄)မြို့နယ် ရွှေကျင်နိကာယဝိနည်းစာမေးပွဲ အကြိမ်(၁၀၀)ပြည့် အခမ်းအနားကို ကျောက်ဆည်မြို့မဟာဂန္ဓာရုံ ကျောင်းတိုက်အတွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
(၄)မြို့နယ် ရွှေကျင်နိကာယဝိနည်းစာမေးပွဲ အကြိမ်(၁၀၀)ပြည့်အခမ်းအနားကို ၂၀၂၃ ခုနှစ်ဒီဇင်ဘာလ ၃၀ရက်နေ့မှ ၂၀၂၄ခုနှစ် ဇန်နဝါရီ လ ၁ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး နေ့ပိုင်းတွင် ဝိနည်း စာပြန်ပွဲများ၊ ညပိုင်းတွင်တရားပွဲများဖြင့် ကျောက်ဆည်မြို့နယ် သံဃာ့နာယကရွှေကျင်အဖွဲ့မှဦးဆောင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါအခမ်းအနားတွင် ရွှေကျင်နိကာယသာသနာပိုင် သီတဂူဆရာတော်ဘုရားကြီးနှင့် ရွှေကျင် နိကာယဗဟိုဌာနဆရာတော်ကြီးများ၊ တိုင်းသံဃာ့နာယကဆရာတော်ကြီးများ၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ တံတားဦး၊ မြစ်သား (၄)မြို့နယ် ဂိုဏ်းချုပ်၊ ဂိုဏ်းအုပ်၊ ဂိုဏ်းထောက်ဆရာတော်ကြီးများ ကြွရောက်တော် မူကြမည်ဖြစ်ကြောင်းနှင့် ရွှေကျင်နိကာယ ရာပြည့်အထိမ်းအမှတ်မဂ္ဂဇင်း ထုတ်ဝေသွားမည် ဖြစ်ပြီး စာမူများလည်း ပေးပို့နိုင်ကြောင်း သိရသည်။
သက်မောင်ခရိုင် (ပြန်/ဆက်)