လားရှိုး ဒီဇင်ဘာ ၂၈
ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် လွတ်လပ်ရေးနေ့အောင်မြင်စွာ ကျင်းပနိုင်ရေးတို့အတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
အစည်းအဝေးတွင် လားရှိုးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဦးက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်နိုင်ကြရန်၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာကိစ္စရပ်များ၊ မြို့ရွာသန့်ရှင်းသာယာလှပစေရေးနှင့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးတို့အတွက် ရှင်းလင်းဆွေးနွေးမှာကြားသည်။
ယင်းနောက် လားရှိုးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးဇော်လင်းထွန်းက လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းဆွေးနွေးပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ လုပ်ငန်းကော်မတီအလိုက် မိမိတို့၏လုပ်ငန်းဆောင်ရွက်ထားမှုအခြေအနေများကို ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)