သာစည် ဒီဇင်ဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရန်နှင့် လူအများ ရှေ့စကားပြောဆိုရာတွင် ရဲဝံ့စွာပြောဆိုဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် ၉ နာရီခွဲက ဟံဇားကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ပင်နီခန်းမ၌ လူငယ်စကားဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို Grade-10 မှ ကျောင်းသား/သူလေးများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖွင့်လှစ်သည်။အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူးတေဇာမြင့်က အမှာစကားပြောကြားပြီး အဖွဲ့ဝင်(၂) ဦးစိုးဝင်းအောင်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားသည်။ ထို့နောက် ကျောင်းအုပ်ဆရာကြီးဦးမင်းသူက ကျေးဇူးတင်စကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သင်းသင်းက ဦးဆောင်၍ လူငယ်စကားဝိုင်းကိုစတင်ရာ Grade-10 နှင့် Grade-11 တို့မှ ကျောင်းသား/သူငါးဦးတို့က လူငယ်နှင့်မူးယစ်ဆေး ၊လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်အချိန်၏တန်ဖိုး၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်စာရိတ္တခေါင်းစဉ်များဖြင့် ဆွေးနွေးကြသည်။ ၎င်းနောက် တက်ရောက်လာသည့် ကျောင်းသား/သူများက အဆိုပါခေါင်းစဉ်များနှင့် ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းရာ စကားဝိုင်းတွင်ဆွေးနွေးပေးသည့် ကျောင်းသား/သူများက ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ကြောင်း သိရသည်။ ထို့နောက် အသိပညာပေးပြသထားသော ဓာတ်ပုံနှင့်နံရံကပ်စာစောင်များ၊ သုတရသ စာအုပ်များကို တက်ရောက်လာသူများက ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ ဆရာ/မများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)